ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၁၇ စာ. ၁၃၉-စာ. ၁၄၂ ပိုဒ်. ၁
  • မိုက်ကရိုဖုန်း အသုံးပြုခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိုက်ကရိုဖုန်း အသုံးပြုခြင်း
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသံကိုတိုးတက်စေခြင်းနှင့် မိုက်ခွက်များ အသုံးပြုခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • သင့်တော်သော အသံပမာဏ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • “အမြဲ ဝမ်းမြောက်ကြပါ” ၂၀၂၀ ခရိုင်အစည်းအဝေး အစီအစဉ်ကို ဘာသာပြန်ခြင်း
    အလှူငွေတွေကို အသုံးပြုပုံ
  • လုပ်ငန်းတော် အစည်းအဝေးသည် ကောင်းသောအမှုများအတွက် ပြင်ဆင်ပေး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၁၇ စာ. ၁၃၉-စာ. ၁၄၂ ပိုဒ်. ၁

သင်ခန်းစာ ၁၇

မိုက်ကရိုဖုန်း အသုံးပြုခြင်း

သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း

အစည်းအဝေးများ၌ အသံချဲ့ရန်အတွက် မိုက်ကရိုဖုန်းအသုံးပြုမည်ဆိုလျှင် နည်းမှန်စွာ အသုံးပြုပါ။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

ပြောဆိုသည့်အရာကို ရှင်းလင်းစွာ ကြားနိုင်မှသာလျှင် အခြားသူများအား အကျိုးရရှိစေပါမည်။

ကျွန်ုပ်တို့၏ ခရစ်ယာန်ညီအစ်ကိုညီအစ်မများသည် ခရစ်ယာန်အစည်းအဝေးများတက်ရောက်ရန် အချိန်များစွာအကုန်ခံကာ ကြိုးစားလာရောက်ကြရသည်။ ပြောသည့်အရာမှ သူတို့အကျိုးရရှိဖို့ဆိုလျှင် ရှင်းလင်းစွာ သူတို့ ကြားရဖို့လိုသည်။

ရှေးဣသရေလခေတ်အချိန်တွင် လျှပ်စစ်အသံချဲ့စက်မရှိခဲ့ချေ။ ကတိထားရာပြည်တော်သို့ ဣသရေလလူမျိုးများမဝင်ရောက်မီ မောဘလွင်ပြင်တွင် သူတို့ကို မောရှေစကားပြောခဲ့စဉ်က သန်းနှင့်ချီသော သူ့ပရိသတ်အားလုံးသည် မည်သို့ကြားနိုင်ခဲ့ကြသနည်း။ မောရှေသည် မိမိ၏စကားများ တပ်စခန်း တစ်ဖက်စွန်းအထိရောက်ရန် ခြား၍ရပ်နေသောအမျိုးသားများဖြင့် လက်ဆင့်ကမ်းပြောသွားသည့်စနစ်ကို အသုံးပြုခဲ့ဖွယ်ရှိသည်။ (တရား. ၁:၁; ၃၁:၁) ဣသရေလလူမျိုးများ ယော်ဒန်မြစ်အနောက်ဘက်ခြမ်းအား အောင်မြင်ခဲ့ပြီးနောက်မကြာမီ ယောရှုသည် ဂေရဇိမ်တောင်နှင့်ဧဗလတောင်ရှေ့တွင် လူမျိုးတို့အား စုဝေးစေခဲ့ပြီး ထိုတောင်နှစ်လုံးကြားတွင် လေဝိလူမျိုးများသည် အလယ်မှခြား၍ရှိနေကြသည်မှာ ထင်ရှားသည်။ ထိုနေရာတွင် သူတို့ရှေ့မှောက်တွင်ဖော်ပြခဲ့သည့် ဘုရားသခင့်ကောင်းချီးမင်္ဂလာများနှင့် ကျိန်ခြင်းအမင်္ဂလာများကို လူတို့အားလုံး ကြားခဲ့ကြပြီး တုံ့ပြန်ခဲ့ကြသည်။ (ယောရှု ၈:၃၃-၃၅) ဤဖြစ်ရပ်တွင်လည်း လူသားဖြင့် လက်ဆင့်ကမ်းပြောစနစ်ကို အသုံးပြုခဲ့နိုင်ဖွယ်ရှိပုံရသည်၊ သို့သော် ထိုဒေသ၏ အကောင်းဆုံး အသံလှိုင်းဖြစ်ပေါ်ရိုက်ခတ်မှုများကလည်း အထောက်အကူရခဲ့မည်မှာ အသေအချာပင်။

နှစ်ပေါင်း ၁,၅၀၀ ခန့်ကြာပြီးနောက် ယေရှု၏ဆုံးမသြဝါဒကို ကြားနာရန် “များစွာသော လူအပေါင်းတို့သည်” ဂါလိလဲအိုင်နား၌ စုဝေးကြသောအခါ၊ ကိုယ်တော်သည် လှေပေါ်သို့တက်ကာ ကမ်းမှခွာစေပြီး လူအုပ်အား ဟောပြောရန် လှေပေါ်ထိုင်တော်မူ၏။ (မာ. ၄:၁၊ ၂) ယေရှုသည် အဘယ်ကြောင့် လှေပေါ်မှနေ၍ ဟောပြောခဲ့သနည်း။ အကြောင်းမှာ လူ့အသံသည် ညီညာပြန့်ပြူးသော ရေမျက်နှာပြင်ပေါ်တွင် အံ့သြဖွယ်ကောင်းလောက်အောင် ရှင်းလင်းကြည်လင်သောကြောင့်ဖြစ်ကြောင်း ထင်ရှားသည်။

၂၀ ရာစု အစောပိုင်းထိတိုင်အောင် ဟောပြောသူ၏အသံပမာဏနှင့် ကြည်လင်ပြတ်သားမှုက ပြောခဲ့ရာကို ပရိသတ်မည်မျှလောက်က ကြားနိုင်ကြောင်း အဆုံးအဖြတ်ပေးလေ့ရှိခဲ့သည်။ သို့ရာတွင် ၁၉၂၀ ပြည့်လွန်နှစ်များတွင်စတင်၍ ယေဟောဝါ၏ကျေးကျွန်များသည် မိမိတို့၏စည်းဝေးကြီးများ၌ လူ့အသံကို ချဲ့ပေးသည့် အီလက်ထရစ်အသံချဲ့စက်ကို အကျိုးရှိရှိ အခွင့်ကောင်းယူ အသုံးချနိုင်ခဲ့ကြပေသည်။

အသံချဲ့စက်။ ထိုသို့သော ကိရိယာသည် ဟောပြောသူ၏အသံပမာဏကို အဆပေါင်းများစွာ ချဲ့ပေးနိုင်သည်၊ သို့တိုင် သူ၏အသံအရည်အသွေးနှင့် အသံနေအသံထားအတိုင်း ထိန်းထားပေးနိုင်သည်။ ဟောပြောသူသည် မိမိ၏အသံကြိုးများကို အားစိုက်ထုတ်စရာ မလိုအပ်ချေ။ ပြောခဲ့သည့်အရာကို ကြားရန် နားထောင်သူများကလည်း အားစိုက်မထုတ်ရချေ။ သို့အစား၊ သူတို့သည် ဟောပြောချက်အပေါ် အာရုံစုစည်းထားနိုင်ကြသည်။

ယေဟောဝါသက်သေများ၏ စည်းဝေးကြီးများနှင့် အစည်းအဝေးများ၌ အသံချဲ့စက်ကောင်းကောင်း အသင့်ရနိုင်ဖို့ သေချာစေရန် များစွာ လုပ်ဆောင်ခဲ့ကြပေပြီ။ ထို့အပြင်၊ နိုင်ငံတော်ခန်းမများစွာတို့သည် ဟောပြောချက်ပေးသူများ၊ အစည်းအဝေးဦးဆောင်သူများ သို့မဟုတ် စင်မြင့်မှ စာဖတ်ပေးသူများ၏အသံများကို တိုးချဲ့ပေးရန် အသံချဲ့စက်ကို အသုံးပြုကြသည်။ အသင်းတော်အချို့တို့တွင် အစည်းအဝေးကျင်းပနေစဉ်အတောအတွင်း မှတ်ချက်များပေးသောအခါ ပရိသတ်မှအသုံးပြုသည့် မိုက်ကရိုဖုန်းများလည်း ရှိကြသည်။ သင့်အသင်းတော်တွင် ထိုကဲ့သို့သော ကိရိယာရှိပါက ယင်းကို ကောင်းစွာအသုံးပြုတတ်ရန် သင်ယူပါ။

အခြေခံ လမ်းညွှန်ချက်အချို့။ ကိရိယာကို လျောက်ပတ်စွာအသုံးပြုရန် အောက်ပါအချက်များကို စိတ်စွဲမှတ်ထားပါ– (၁) ယေဘုယျအားဖြင့် မိုက်ကရိုဖုန်းသည် သင့်ပါးစပ်မှ လေးလက်မမှ ခြောက်လက်မခန့်အကွာတွင် ရှိသင့်သည်။ မိုက်ကရိုဖုန်းသည် နီးကပ်လွန်းပါက သင့်စကားများ လုံးထွေးသွားနိုင်သည်။ ဝေးကွာလွန်းပါကလည်း သင့်အသံ မသဲမကွဲဖြစ်သွားနိုင်သည်။ (၂) မိုက်ကရိုဖုန်းသည် သင်၏အရှေ့တွင်ရှိသင့်ပြီး ဘေးတွင်မဟုတ်ချေ။ သင့်ခေါင်းကို ဘယ်ညာရွေ့လျားမည်ဆိုလျှင် သင့်မျက်နှာသည် မိုက်ကရိုဖုန်းရှေ့တည့်တည့်ဖြစ်သည့်အခါတွင်သာ ပြောဆိုပါ။ (၃) စကားလက်ဆုံပြောဆိုရာတွင်ထက် အသံပမာဏနှင့်အသံပြင်းအားကို အနည်းငယ်ပို၍ အသုံးပြုပါ။ သို့သော် အော်ပြောစရာ မလိုအပ်ချေ။ အသံချဲ့စက်က ပရိသတ်ရှိအဝေးဆုံးသူအထိ သင့်အသံကို အလွယ်တကူသယ်ဆောင်ပေးပါလိမ့်မည်။ (၄) အကယ်၍ သင်သည် ချောင်းဟန့်လိုမည် သို့မဟုတ် ချောင်းဆိုးနှာချေလိုမည်ဆိုလျှင် သင့်ခေါင်းကို မိုက်ကရိုဖုန်းနှင့်ဝေးရာသို့လှည့်ပေးရန် သေချာစေပါ။

ဟောပြောချက်ပေးချိန်။ သင်သည် ဟောပြောစင်သို့ တက်သွားသောအခါ ညီအစ်ကိုတစ်ယောက်က မိုက်ကရိုဖုန်းအနေအထားကို ထုံးစံအတိုင်း ညှိပေးပါလိမ့်မည်။ ထိုညီအစ်ကို ယင်းကိုတပ်ဆင်နေစဉ် သင့်မျက်နှာကို သဘာဝအတိုင်း ပရိသတ်ဘက်ဆီသို့ မျက်နှာမူရပ်ပါ။ သင့်မှတ်စုများကို ဟောပြောစင်ပေါ်တွင် တင်ထားပြီး မိုက်ကရိုဖုန်းသည် မှတ်စုမြင်ကွင်းကို မကွယ်စေဖို့ သေချာစေပါ။

သင်စ၍ဟောပြောသောအခါ လော့စပီကာမှ ထွက်လာသော သင့်အသံသည် မည်သည့်အသံထွက်လာသည်ကို နားထောင်ပါ။ အသံပမာဏ ကျယ်လွန်းသလော သို့မဟုတ် အချို့သောစကားလုံးများသည် ပေါက်ကွဲသံကဲ့သို့ အသံမျိုးထွက်သလော။ သင်သည် အနောက်ဘက်သို့ တစ်လက်မနှစ်လက်မ နောက်ဆုတ်ပေးရန်လိုပေမည်။ မှတ်စုများကို ကြည့်နေသည့်အခါ သင့်မျက်နှာသည် မိုက်ကရိုဖုန်းတည့်တည့် သို့မဟုတ် မိုက်ကရိုဖုန်းအောက်မဟုတ်ဘဲ ယင်းအထက်သာသာ၌ မျက်နှာမူသောအခါတွင်သာ ပြောဆိုကာ ဖတ်သင့်သည်။

စင်မြင့်ပေါ်မှဖတ်ရှုနေချိန်။ ပရိသတ်ဘက်သို့ သင့်မျက်နှာမူနေစေရန် ကျမ်းစာအုပ် သို့မဟုတ် အခြားသောစာအုပ်ကို လက်ဖြင့်မတ်မတ်ကိုင်ဆောင်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။ မိုက်ကရိုဖုန်းသည် သင့်အရှေ့တွင် တည့်တည့်ရှိနေမည်ဖြစ်သောကြောင့် သင်ဖတ်ရှုမည့်စာအုပ်ကို တစ်ဖက်မဆိုစလောက်လေးသို့ ကိုင်ထားဖို့လိုသည်။ ဆိုလိုသည်မှာ သင့်ခေါင်းသည် မိုက်ကရိုဖုန်း၏ အခြားတစ်ဖက်မဆိုစလောက်လေးတွင် ရှိနေစေသင့်သည်။ သို့ဖြင့် သင်ဖတ်ရှုသည့်အခါ သင့်အသံသည် မိုက်ကရိုဖုန်းထဲသို့ တန်းဝင်သွားမည်ဖြစ်သည်။

ကင်းမျှော်စင်သင်တန်း၌ အပိုဒ်ဖတ်သောညီအစ်ကိုအများစုသည် မတ်တတ်ရပ်ကာ မိုက်တိုင်ဖြင့် ဖတ်ပြကြရသည်။ ထိုအနေအထားက သူတို့အား ပို၍လွတ်လွတ်လပ်လပ် အသက်ရှူစေကာ ပို၍ထင်ရှားစွာ ဖတ်ရှုနိုင်ခွင့်ရစေသည်။ စာပိုဒ်များကို ဖတ်ရှုခြင်းသည် အစည်းအဝေး၏ အဓိကအပိုင်းတစ်ပိုင်းဖြစ်ကြောင်းကို စိတ်တွင်စွဲမှတ်ထားပါ။ ပရိသတ်ရရှိသောအကျိုးကျေးဇူးသည် ဖတ်ရှုနေသည့် အကြောင်းအရာကို ကြားနာရခြင်းအပေါ် များစွာမူတည်သည်။

အစည်းအဝေးအတွင်း မှတ်ချက်ပေးချိန်။ ပရိသတ်ပါဝင်မှုအတွက် သင့်အသင်းတော်သည် မိုက်ကရိုဖုန်းများအသုံးပြုပါက ဤနေရာတွင်လည်း ကြည်လင်ပြတ်သားစွာနှင့် အသံပမာဏ လုံလုံလောက်လောက်ဖြင့် ပြောဆိုရန် လိုအပ်နေဆဲပင်။ မှတ်ချက်ပေးသည့်အခါ လေ့လာနေသည့်စာပေ သို့မဟုတ် ကျမ်းစာအုပ်ကို သင့်လက်ထဲ၌ ကိုင်ဆောင်ထားရန် အားထုတ်ပါ။ ယင်းက မိုက်ကရိုဖုန်းဖြင့်ပြောဆိုနေစဉ် အကြောင်းအရာကို ရှင်းလင်းစွာမြင်နိုင်စေမည်။

အသင်းတော်အချို့ရှိ ညီအစ်ကိုများသည် ဖြေဆိုရန် ဖိတ်ခေါ်ခံရသူများထံ မိုက်ကရိုဖုန်းများယူလာပေးရန် တာဝန်ပေးခံရသည်။ သင့်အသင်းတော်တွင် ထိုသို့ဖြစ်မည်ဆိုလျှင် သင့်ကိုခေါ်သည့်အခါ မိုက်ကရိုဖုန်းကိုင်သည့်ညီအစ်ကိုက သင်မည်သည့်နေရာတွင် ထိုင်နေသည်ကို မြင်နိုင်စေရန်နှင့် သင့်ထံအမြန်ရောက်လာနိုင်ရန် သင့်လက်ကို ဆက်ထောင်ထားပါ။ အကယ်၍ မိုက်ကရိုဖုန်းသည် လက်ကိုင်သုံးအမျိုးအစားဖြစ်လျှင် ၎င်းကိုယူရန် အသင့်လှမ်းနေပါ။ မိုက်ကရိုဖုန်း နေသားတကျမဖြစ်မချင်း မှတ်ချက်စမပေးပါနှင့်။ မှတ်ချက်ပေးပြီးသောအခါ မိုက်ကရိုဖုန်းကို ညီအစ်ကိုထံ ချက်ချင်းပြန်ပေးပါ။

သရုပ်ပြခန်းတွင်ပါဝင်နေချိန်။ သရုပ်ပြစဉ်အတွင်း မိုက်ကရိုဖုန်းအသုံးပြုခြင်းကို အထူးတင်ကြိုစဉ်းစားထားဖို့လိုသည်။ အကယ်၍ မိုက်ကရိုဖုန်းကို မိုက်ကရိုဖုန်းတိုင်ပေါ်တွင် တပ်ဆင်ထားပါက သင့်ကျမ်းစာအုပ်နှင့် မှတ်စုများကို ကိုင်တွယ်အသုံးပြုရန် လက်နှစ်ဖက်စလုံး အားနေပေမည်။ လက်ကိုင်သုံးမိုက်ကိုအသုံးပြုခြင်းက ပို၍လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရစေနိုင်သော်လည်း သင့်အဖော်အား ယင်းကိုကိုင်ထားရန် စီစဉ်ထားဖို့လိုပေမည်။ ထိုနည်းအားဖြင့် ကျမ်းစာအုပ်ကိုကိုင်ရန် သင့်လက်အားသွားပေမည်။ မိုက်ကရိုဖုန်းအား မည်သို့မှန်ကန်စွာကိုင်ရမည်ကို သင့်အဖော် သိရှိစေရန် သင်နှင့်သင့်အိမ်ရှင်လုပ်သူတို့သည် ယင်းကိုလေ့ကျင့်ထားသင့်သည်။ စင်မြင့်ပေါ်တွင် ရှိသည့်အခါ အထူးသဖြင့် စကားပြောဆိုသည့်အခါ ပရိသတ်ဘက်သို့ ကျောမပေးထားသင့်ကြောင်းကိုလည်း သတိရပါ။

လုပ်ငန်းတော်အစည်းအဝေး သရုပ်ပြများတွင် လူအတော်များများ ပါဝင်နိုင်စရာအကြောင်းရှိပြီး သူတို့သည် စင်မြင့်ပေါ်တွင် ဟိုဟိုသည်သည် ရွေ့လျားကြပေမည်။ သို့ဖြစ်၍ မိုက်ကရိုဖုန်းများများ လိုအပ်ကောင်းလိုအပ်နိုင်ပေသည်။ ယင်းတို့ကို စင်မြင့်ပေါ် ကြိုတင် တပ်ဆင်ထားသင့်ပေသည် သို့မဟုတ် ပါဝင်သူများစင်မြင့်ပေါ်တက်သွားသည့်အခါ အသင့်ရဖို့ပြုလုပ်ပေးသင့်သည်။ မိုက်ကရိုဖုန်းများသည် နေရာမှန်တွင် အချိန်မှန်ရှိနေကြောင်း သေချာစေပါ၊ ကြိုတင်စီစဉ်ထားပါ။ သရုပ်ပြများကို မတင်ဆက်မီ အစမ်းလေ့ကျင့်ခြင်းက ပါဝင်သူများအား မိုက်ကရိုဖုန်းများကို ထိရောက်စွာအသုံးပြုမှုနှင့်ပတ်သက်ပြီး သင်ကြားပေးခွင့် ရနိုင်စေသည်။ အစမ်းလေ့ကျင့်မှုကို စင်မြင့်ပေါ်တွင် မလေ့ကျင့်နိုင်သည့်အခါ မှန်ကန်သောအနေအထားဖြင့် လေ့ကျင့်နိုင်ရန် ပါဝင်သူများအား မိုက်ကရိုဖုန်းနှင့်အရွယ်အစားတူသည့် အရာဝတ္ထုငယ်တစ်ခုကို ကိုင်စေခြင်းက ပညာရှိရာရောက်ပေမည်။ သရုပ်ပြမှုပြီးသည့်နောက် ပါဝင်သူများသည် စင်မြင့်ပေါ်မှထွက်ခွာသည့်အခါ လက်ကိုင်သုံးမိုက်ကရိုဖုန်းများအား ညင်သာစွာ ပြန်ထားသင့်ကာ အခြားမိုက်ကရိုဖုန်းများမှကြိုးများကို ခလုတ်မတိုက်မိစေရန် ဂရုစိုက်သင့်သည်။

မိုက်ကရိုဖုန်းများအသုံးပြုပုံကို ဂရုစိုက်ခြင်းသည် ကျွန်ုပ်တို့အစည်းအဝေးများ၏ အဓိကရည်ရွယ်ချက်များမှတစ်ခုနှင့် တိုက်ရိုက်ဆက်စပ်နေသည်၊ တစ်နည်းဆိုသော် ဘုရားသခင့်နှုတ်ကပါဌ်တော် ဆွေးနွေးပြောဆိုမှုမှ တစ်ဦးကိုတစ်ဦး အကျိုးရရှိစေခြင်းဖြစ်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) မိုက်ကရိုဖုန်းများအား ထိရောက်စွာ အသုံးပြုမှုကို သင်ယူခြင်းအားဖြင့် ထိုအရေးပါသောရည်ရွယ်ချက်ကို ကိုယ်တိုင်ကိုယ်ကျ အထောက်အကူပေးနိုင်ပေသည်။

ယင်းကိုလုပ်ဆောင်နိုင်ပုံ

  • မိုက်ကရိုဖုန်းအား သင့်ပါးစပ်မှ လေးလက်မမှ ခြောက်လက်မအကွာတွင် ထားပါ။

  • သင့်ပါးစပ်သည် မိုက်ကရိုဖုန်းတည့်တည့်ဖြစ်သည့်အခါတွင်သာ စကားပြောကြောင်း သေချာစေပါ။

  • စကားလက်ဆုံပြောဆိုရာတွင်ထက် အသံပမာဏနှင့်အသံပြင်းအားကို အနည်းငယ်ပို၍ အသုံးပြုပါ။

  • ချောင်းဟန့်လိုလျှင် သင့်ခေါင်းကို မိုက်ကရိုဖုန်းနှင့်ဝေးရာသို့ လှည့်လိုက်ပါ။

လေ့ကျင့်ခန်း– သင့်နိုင်ငံတော်ခန်းမတွင် မိုက်ကရိုဖုန်းများအသုံးပြုပါက အတွေ့အကြုံရှိဟောပြောသူများသည် အသေတပ်ဆင်ထားသောမိုက်နှင့် လက်ကိုင်မိုက်နှစ်မျိုးစလုံးအား မည်သို့အသုံးပြုကြပုံကို အထူးဂရုပြုမှတ်သားပါ။ ကောက်ချက်ချရသည့်အကြောင်းရင်းများနှင့်အတူ သင်အသုံးပြုလိုသည့် သို့မဟုတ် ရှောင်ကြဉ်လိုသည့် လုပ်ထုံးလုပ်နည်းများကို ခွဲခြားသိမြင်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ