ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • re အခန်း ၁၆ စာ. ၈၉-၉၉
  • ကဆုန်စိုင်းနေသည့် မြင်းစီးသူရဲလေးဦး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကဆုန်စိုင်းနေသည့် မြင်းစီးသူရဲလေးဦး
  • ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မြင်းဖြူနှင့် အဓိကရ မြင်းစီးသူရဲ
  • အောင်နိုင်လျက်ထွက်သွားခြင်း
  • ကြည့်ရှုလော့၊ မြင်းနီတစ်စီး
  • မြင်းနက်တစ်စီး စိုင်းထွက်လာ
  • မြင်းမွဲနှင့် မြင်းစီးသူရဲ
  • မြင်းစီးသူရဲလေးဦး​—သူတို့ဟာ ဘယ်သူတွေလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • စစ်နဲ့ ဆင်းရဲဒုက္ခနောက်ကွယ်က တရားခံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဗျာဒိတ် မာတိကာ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • မြင်းစီးသူရဲလေးဦးနှင့် အသင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
re အခန်း ၁၆ စာ. ၈၉-၉၉

အခန်း ၁၆

ကဆုန်စိုင်းနေသည့် မြင်းစီးသူရဲလေးဦး

ရူပါရုံ ၃ ဗျာဒိတ် ၆:၁-၁၇

အကြောင်းအရာ– မြင်းစီးသူရဲလေးပါး စီးနင်းခြင်း၊ ယဇ်ပလ္လင်အောက်မှ အသက်စတေးသူ သက်သေခံများနှင့် အမျက်တော်နေ့ကြီး

ပြည့်စုံချိန်– ၁၉၁၄ ခုနှစ်မှ ဤအစီအစဉ်စနစ် ပျက်စီးခြင်းအထိ

၁။ ယေရှုဖွင့်သော စိတ်ဝင်စားဖွယ် စာလိပ်ထဲက အကြောင်းအရာများကို ယောဟန်အား ယေဟောဝါမည်သို့ ဖော်ပြတော်မူသနည်း။

ကျပ်တည်းသော ယခုကာလ၌ ကျွန်ုပ်တို့သည် “များမကြာမီ ဖြစ်ပျက်ရမည့် အမှုအရာများ” ကိုသိလိုစိတ် မပြင်းပြပေလော။ မုချပြင်းပြ၏။ ကျွန်ုပ်တို့နှင့် ပတ်သက်နေသည်ကိုး။ သို့ဖြစ်၍ ဆန်းကြယ်လှသောစာလိပ် ယေရှုဖွင့်တော်မူသည်ကို ယောဟန်နှင့်အတူ ရှုစားကြစို့။ ထူးသည်ကား ၎င်းကို ယောဟန်ဖတ်ရှုစရာမလို။ အဘယ်ကြောင့်နည်း။ ၎င်း၏အကြောင်းအရာများကို တက်ကြွလှုပ်ရှားမှုပြည့်နှက်သည့် အခန်းဆက်မြင်ကွင်းများပါဝင်သော “နိမိတ်လက္ခဏာများ” အသွင်ဖြင့် ဖော်ပြသောကြောင့်တည်း။​—ဗျာဒိတ် ၁:၁၊ ၁၀။

၂။ (က) ယောဟန် ဘာကို မြင်ရကြားရသနည်း။ ခေရုဗိမ်၏အသွင်က ဘာအကြောင်းကို စိတ်ထဲ၌ ထင်ဟပ်စေသနည်း။ (ခ) ပထမခေရုဗိမ်၏ဆင့်ဆိုချက်မှာ မည်သူ့ကို ရည်ညွှန်းသနည်း။ သင် အဘယ်ကြောင့် ဤသို့ဖြေဆိုသနည်း။

၂ စာလိပ်၏ ပထမတံဆိပ်ကို ယေရှုဖွင့်ပြီဖြစ်၍ ယောဟန်၏စကားကို နားထောင်ပါ– “တံဆိပ်ခုနစ်ခုအနက်မှ တစ်ခုကို သိုးသငယ် ဖွင့်တော်မူစဉ် ငါမြင်၍ သက်ရှိသတ္တဝါ လေးပါးထဲမှ တစ်ပါးက မိုးခြိမ်းသံကဲ့သို့သော အသံဖြင့် ‘လာလော့’ ဟုဆိုသည်ကို ငါကြား၏။” (ဗျာဒိတ် ၆:၁) ၎င်းမှာ ပထမခေရုဗိမ်၏ အသံဖြစ်၏။ ၎င်း၏ခြင်္သေ့အသွင်က ယေဟောဝါ၏ အဖွဲ့အစည်းသည် ကိုယ်တော်၏ဖြောင့်မတ်သော စီရင်ချက်အတိုင်း ရဲရင့်စွာရွက်ဆောင်မည် ဟူသောအချက်ကို ယောဟန်စိတ်ထဲ ပေါ်လာပေလိမ့်မည်။ မည်သူ့အား လာလော့ဟု ဆင့်ဆိုသနည်း။ ယောဟန်အား ပရောဖက်ဆိုင်ရာ ထိုမြင်ကွင်းများကိုရှုစားရန် ခေါ်ဖိတ်ထားပြီဖြစ်၍ သူ့အား ဆင့်ဆိုနေခြင်းမဖြစ်နိုင်။ (ဗျာဒိတ် ၄:၁) စိတ်လှုပ်ရှားဖွယ် ဇာတ်ကွက်လေးကွက်ထဲမှ တစ်ကွက်တွင် ပါဝင်ဆင်နွှဲရန် ထို “မိုးခြိမ်းသံကဲ့သို့သောအသံ” က အခြားသူများအား ဆင့်ခေါ်ခြင်းဖြစ်သည်။

မြင်းဖြူနှင့် အဓိကရ မြင်းစီးသူရဲ

၃။ (က) ယခု ယောဟန် ဘာကိုဖော်ပြသနည်း။ (ခ) ကျမ်းစာ၏အထိမ်းအမှတ်ပြုချက်အရ မြင်းဖြူသည် ဘာကိုပုံခိုင်းခြင်းဖြစ်ရမည်နည်း။

၃ ယောဟန်နှင့်အတူ ယခုခေတ် စိတ်ထက်သန်သော ယောဟန်အတန်းအစားအပြင် သူတို့၏အပေါင်းပါတို့သည် အပြောင်းအလဲမြန်ဆန်သော ပြဇာတ်ကို ရှုစားခွင့်ရကြ၏။ ယောဟန်က– “ထိုအခါ ငါကြည့်လိုက်သော် မြင်းဖြူတစ်စီးကို ငါမြင်၏။ မြင်းစီးသူရဲသည် လေးကိုကိုင်ထား၏။ သူ့အား သရဖူကိုပေး၏။ သူသည် အောင်နိုင်လျက်လည်းကောင်း၊ အပြီးအောင်နိုင်ရန်လည်းကောင်း ထွက်သွားလေ၏။” (ဗျာဒိတ် ၆:၂) မှန်ပေသည်။ “လာလော့” ဟူသည့် မိုးခြိမ်းသကဲ့သို့သောအသံကို တုံ့ပြန်သည့်အနေနှင့် မြင်းဖြူတစ်စီး စိုင်းထွက်လာသည်။ ကျမ်းစာခေတ်၌ မြင်းသည် စစ်မှုကို အထိမ်းအမှတ် ပြုလေ့ရှိသည်။ (ဆာလံ ၂၀:၇; သုတ္တံ ၂၁:၃၁; ဟေရှာယ ၃၁:၁) ဤမြင်းသည် လှပကြော့မော့သည့် မြင်းလားဖြစ်ဟန်ရှိ၍ သဲလဲစင်သန့်ရှင်းခြင်းကို ရည်ညွှန်းသည့် ဖြူလွင်လွင်အရောင် ဟပ်နေသည်။ (ဗျာဒိတ် ၁:၁၄; ၄:၄; ၇:၉; ၂၀:၁၁ နှိုင်းယှဉ်။) ၎င်းသည် ယေဟောဝါ၏ သန့်ရှင်းသောမျက်စိတော်ရှေ့ စင်ကြယ်ဖြောင့်မတ်သည့် စစ်မက်ကို တင်စားသောကြောင့် လျောက်ပတ်လိုက်လေခြင်း။​—ဗျာဒိတ် ၁၉:၁၁၊ ၁၄ လည်းရှု။

၄။ မြင်းဖြူရှင်ကား မည်သူနည်း။ ရှင်းပြပါ။

၄ မြင်းစီးသူရဲမှာ မည်သူနည်း။ သူသည် ထိုးစစ်ဆင်လက်နက်ဖြစ်သော လေးကိုကိုင်ထားရုံမက သရဖူကိုလည်းရ၏။ သခင့်နေ့တော်အတွင်း သရဖူများကိုဆောင်းသော ဖြောင့်မတ်သူတို့မှာ ယေရှုနှင့် အကြီးအကဲ ၂၄ ပါးကိုယ်စားပြုသော အတန်းအစားတို့သာဖြစ်သည်။ (ဒံယေလ ၇:၁၃၊ ၁၄၊ ၂၇; လုကာ ၁:၃၁-၃၃; ဗျာဒိတ် ၄:၄၊ ၁၀; ၁၄:၁၄)a အကြီးအကဲ ၂၄ ပါးထဲမှတစ်ပါးက မိမိ၏ကောင်းမှုကြောင့် သရဖူရခြင်း ဖြစ်ဟန်မတူ။ သို့ဖြစ်၍ အဖော်မပါသော ဤမြင်းစီးသူရဲသည် ယေရှုခရစ် မှလွဲ၍ အခြားသူမဖြစ်နိုင်။ ၁၉၁၄ ခုနှစ်၏ သမိုင်းတင်အခိုက်သမယ၌ ကိုယ်တော်ကို ယောဟန်မြင်လိုက်ရသည်။ ထိုအခိုက်တွင် ယေဟောဝါက “ငါ၏ဘုရင်ကို ငါကိုယ်တိုင် ဘိသိက်ပေးပြီ” ဟု ကြေညာတော်မူပြီး “လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဖို့ ငါပေး” ရန်ဖြစ်သည်ဟု ယေရှုအား သိကြားစေတော်မူ၏။ (ဆာလံ ၂:၆-၈)b သို့ဖြင့် ပထမတံဆိပ်ကို ယေရှုဖွင့်စဉ် နန်းရစဘုရင်အဖြစ် မိမိကိုယ်တိုင် ဘုရားသခင့် သတ်မှတ်ချိန်တွင် မည်သို့ထိုးစစ်ဆင်မည်ကို ဖော်ပြတော်မူသည်။

၅။ ထိုမြင်းစီးသူရဲအကြောင်းကို ဆာလံဆရာက ဗျာဒိတ် ၆:၂ နှင့်အလားတူစွာ မည်သို့ဖော်ပြသနည်း။

၅ ဤမြင်ကွင်းသည် ယေဟောဝါ နန်းတင်သောဘုရင်အား မိန့်ဆိုသည့် ဆာလံ ၄၅:၄-၇ (ခမ) ပါ စကားနှင့် အလွန်သဟာဇာတဖြစ်၏။– “သစ္စာတရားနှင့် တရားမျှတမှု စိုးမိုးရေးအတွက် ဘုန်းအသရေတော်နှင့်တကွ ချီတက်တိုက်ခိုက်၍ အောင်ပွဲခံတော်မူပါ။ အရှင်မင်းကြီးသည် မိမိ၏စွမ်းရည်အားဖြင့် အောင်ပွဲကြီးများကို ခံရပါလိမ့်မည်။ မြားတော်တို့သည် ထက်သည်ဖြစ်၍ ရန်သူတို့၏နှလုံးသားကို ထိုးဖောက်ပါ၏။ လူမျိုးတကာတို့သည် ခြေတော်ရင်း၌ လဲကြပါ၏။ အရှင်မင်းကြီးအား ဘုရားသခင်ပေးအပ်တော်မူသော ရာဇပလ္လင်သည် ကာလအစဉ်အဆက် တည်လိမ့်မည်။ အရှင်မင်းကြီးသည် မိမိ၏တိုင်းနိုင်ငံကို တရားမျှတစွာ အုပ်စိုးတော်မူပါ၏။ အမှန်တရားကိုနှစ်သက်၍ ဆိုးညစ်မှုကို မုန်းတော်မူပါ၏။ သို့ဖြစ်သောကြောင့် အရှင်မင်းကြီး၏ ဘုရားတည်းဟူသော ဘုရားသခင်သည် အရှင်မင်းကြီးအား ရွေးချယ်တော်မူပြီးလျှင် အခြားဘုရင်အပေါင်းတို့ထက် ချီးမြှောက်၍ ဝမ်းမြောက်ခြင်းတည်းဟူသောဆီကို သွန်းတော်မူပါပြီ။” ယောဟန်သည် ၎င်းပရောဖက်ပြုဖော်ပြချက်ကို သိကျွမ်းထားရာ ၎င်းသည် ဘုရင်အဖြစ် ယေရှုပြုလုပ်သောအမှုကို ရည်ညွှန်းကြောင်း သဘောပေါက်ပေလိမ့်မည်။​—ဟေဗြဲ ၁:၁၊ ၂၊ ၈၊ ၉ နှိုင်းယှဉ်။

အောင်နိုင်လျက်ထွက်သွားခြင်း

၆။ (က) ထိုမြင်းစီးသူရဲသည် အဘယ်ကြောင့် အောင်နိုင်လျက် စီးနင်းချီတက်ရသနည်း။ (ခ) အဘယ်နှစ်များတစ်လျှောက် ဆက်လက်၍ အောင်နိုင်လျက် စီးကြွသနည်း။

၆ သို့သော် နန်းရစဘုရင်သည် အဘယ်ကြောင့် စီးနင်းစစ်ချီရသနည်း။ အကြောင်းမှာ ကိုယ်တော်၏ မင်းအာဏာသည် ယေဟောဝါ၏ အဓိကရန်သူ စာတန်မာရ်နတ်နှင့်၊ စာတန်၏အလိုကို သိသိနှင့်ဖြစ်စေ၊ မသိဘဲဖြစ်စေ လုပ်ဆောင်သော မြေကြီးပေါ်ကလူတို့၏ ခါးသီးသော အတိုက်အခံကြားမှ တည်ထောင်သောကြောင့်ဖြစ်သည်။ နိုင်ငံတော် ဖွားမြင်မှုကိုယ်နှိုက်ကြောင့် ကောင်းကင်တွင် စစ်ကြီးဖြစ်ရသည်။ ယေရှုသည် (“မည်သူ ဘုရားသခင်နှင့်တူသနည်း” ဟူ၍ အနက်ရှိသော) မိက္ခေလအမည်ဖြင့် စစ်ဆင်ကာ စာတန်နှင့် နတ်ဆိုးများပေါ် အနိုင်ရ၍ သူတို့ကို မြေကြီးသို့ပစ်ချလိုက်သည်။ (ဗျာဒိတ် ၁၂:၇-၁၂) သိုးကဲ့သို့ စိတ်ထားရှိသူများကို သခင့်နေ့အစောပိုင်း ဆယ်စုနှစ်များတစ်လျှောက် စုသိမ်းစဉ် ယေရှုသည် အောင်ပွဲခံ မြင်းစီးလျက်နေတော်မူ၏။ တစ်လောကလုံး “မာရ်နတ်၏လက်၌” ရှိဆဲဖြစ်သော်ငြား ယေရှုသည် မိမိ၏ဘိသိက်ခံ ညီတော်များနှင့် သူတို့၏အပေါင်းပါများကို မေတ္တာရှေ့ထား၍ ဆက်လက်ထိန်းကျောင်းကာ တစ်ဦးစီ ယုံကြည်ခြင်းအောင်ပွဲခံနိုင်ရန် မစတော်မူ၏။​—၁ ယောဟန် ၅:၁၉။

၇။ သခင့်နေ့တော်၏ ပထမဆယ်စုနှစ်များအတွင်း မြေကြီးပေါ် ယေရှု အဘယ်အောင်ပန်းများ ဆွတ်ခူးခဲ့သနည်း။ ကျွန်ုပ်တို့ အဘယ်သန္နိဋ္ဌာန် ချသင့်သနည်း။

၇ သခင့်နေ့တော်၏ လွန်ခဲ့သောအနှစ် ၉၀ ကျော် ကာလအတွင်း အခြားအဘယ်အောင်ပွဲများကို ယေရှုဆင်နွှဲခဲ့ပြီနည်း။ ဓမ္မအမှုတော်ကို ထမ်းရွက်ခဲ့သည့် သာဓကအဖြစ် တမန်တော်ပေါလု ဖော်ပြခဲ့ရာများနှင့်ဆင်တူသော အခက်အခဲ၊ ဖိစီးမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို ကမ္ဘာတစ်ခွင်မှ ယေဟောဝါ၏ လူမျိုးတော်လည်း တစ်ဦးချင်းဖြစ်စေ၊ အသင်းတော်လိုက်ဖြစ်စေ ရင်ဆိုင်ခဲ့ကြရသည်။ (၂ ကောရိန္သု ၁၁:၂၃-၂၈) ယေဟောဝါသက်သေများသည် “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ကိုလိုအပ်ခဲ့ကြသည်။ အထူးသဖြင့် စစ်နှင့် အကြမ်းဖက်မှုဖြစ်ပွားရာ နေရာများ၌ ကြံ့ကြံ့ခံနိုင်ရန်ဖြစ်၏။ (၂ ကောရိန္သု ၄:၇၊ ကဘ) သို့တစေ၊ သစ္စာရှိသက်သေခံတို့သည် အကျပ်တည်းဆုံး အခြေအနေမျိုးအောက်မှာပင် “ဒေသနာတော်ကို အကုန်အစင်ဟောပြော . . . စေခြင်းငှာ သခင်ဘုရားသည် ငါ့ဘက်၌နေ၍ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူ” ၏ဟု ပေါလုကဲ့သို့ ဆိုနိုင်ခဲ့သည်။ (၂ တိမောသေ ၄:၁၇) မှန်ပေသည်။ သူတို့အဖို့ ယေရှု အောင်လံထူတော်မူ၏။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအောင်ပန်းကို အပြီးအပိုင်ဆွတ်ခူးရန် သန္နိဋ္ဌာန်ချထားသမျှကာလပတ်လုံး ကိုယ်တော်သည် ကျွန်ုပ်တို့အဖို့လည်း ဆက်လက်၍ အောင်ပွဲဆင်နွှဲသွားပါလိမ့်မည်။​—၁ ယောဟန် ၅:၄။

၈၊ ၉။ (က) ယေဟောဝါသက်သေများ၏ ကမ္ဘာချီအသင်းတော်သည် အဘယ်အောင်ပွဲများတွင် ပါဝင်ဆင်နွှဲခဲ့ပြီနည်း။ (ခ) ယေဟောဝါသက်သေများ အဘယ်နေရာများ၌ သိသိသာသာ တိုးများလာသနည်း။

၈ ယေဟောဝါသက်သေတို့၏ ကမ္ဘာချီအသင်းတော်သည် မိမိတို့၏အောင်နိုင်သော ဘုရင်၏ညွှန်ကြားမှုအောက်၌ အောင်ပွဲများစွာရခဲ့သည်။ ကိုယ်တော်သည် ၁၉၁၈ ခုနှစ်၌ ဤကျမ်းစာကျောင်းသားများကို ထူးခြားစွာ ကာကွယ်တော်မူ၏။ ထိုနှစ်၌ သူတို့ကိုယ်တိုင် စာတန့်နိုင်ငံရေး အဖွဲ့အစည်း၏ ‘အောင်နိုင်’ ခြင်းကို ယာယီခံလိုက်ရသည်။ သို့သော် ၁၉၁၉ ခုနှစ်တွင် ထောင်၏အဆီးအတားများကို ချိုးဖျက်၍ သူတို့ကိုကယ်တင်ကာ “မြေကြီးစွန်းတိုင်အောင်” သတင်းကောင်းကြွေးကြော်ရန် နိုးကြားတက်ကြွစေတော်မူသည်။​—ဗျာဒိတ် ၁၃:၇; တမန်တော် ၁:၈။

၉ ဒုတိယကမ္ဘာစစ်အကြိုနှင့် အတောအတွင်း ဝင်ရိုးတန်းနိုင်ငံများသည် နိုင်ငံဒေသများစွာတို့တွင် ယေဟောဝါသက်သေများကို ရှင်းလင်းသုတ်သင်ရန် အားထုတ်ခဲ့ကြသည်။ ထိုဒေသများ၌ ဘာသာရေးခေါင်းဆောင်များ၊ အထူးသဖြင့် ရိုမင်ကက်သလစ် ဂိုဏ်းအုပ်ဘုန်းကြီးအဖွဲ့သည် နိုင်ထက်စီးနင်း မင်းမူသော အာဏာရှင်များအား ပွင့်ပွင့်လင်းလင်းဖြစ်စေ၊ ခပ်မဆိတ်နေ၍ဖြစ်စေ ထောက်ခံကြသည်။ စစ်ဖြစ်စ ၁၉၃၉ ခုနှစ်၌ ဟောပြောနေသောသက်သေခံ ၇၁,၅၀၉ ဦးမှ ၁၀,၀၀၀ ကျော်မှာ ထောင်နှင့် ချွေးတပ်စခန်းများတွင် နှစ်ပေါင်းများစွာအချုပ်ခံရပြီး ၂,၀၀၀ ခန့် အသတ်ခံရသော်လည်း စစ်ပြီးချိန် ၁၉၄၅ ခုနှစ်၌ ၁၄၁,၆၀၆ ဦးအထိ တိုးများလာသည်။ ယနေ့ဆိုလျှင် ကမ္ဘာတစ်ဝန်းရှိ တက်ကြွသောသက်သေခံတို့၏ အရေအတွက်သည် ခြောက်သန်းကျော်အထိ တိုးများလာပြီ။ ကက်သလစ်နိုင်ငံများ၌ ယခု အကြီးအကျယ် တိုးတက်နေသည်။ အရက်စက်ဆုံး နှိပ်စက်ညှဉ်းပန်းမှု ဖြစ်ပွားခဲ့သော ဂျာမနီ၊ အီတလီနှင့် ဂျပန်နိုင်ငံများတွင် ၆၀၀,၀၀၀ ထက်မကသော တက်ကြွသည့်ဓမ္မအမှုဆောင်များ မှတ်တမ်းသွင်းနေကြသည်။​—ဟေရှာယ ၅၄:၁၇; ယေရမိ ၁:၁၇-၁၉။

၁၀။ အောင်တံခွန်စိုက် ဘုရင်မင်းမြတ်သည် “သတင်းကောင်းကို ကာကွယ်၍ ဥပဒေအရ အတည်ဖြစ်စေခြင်း” ကိစ္စတွင် မိမိလူမျိုးတော်အား အဘယ်အောင်ပွဲများ ချီးမြှင့်ခဲ့ပြီနည်း။

၁၀ ကျွန်ုပ်တို့၏အောင်ပွဲခံ ဘုရင်မင်းမြတ်သည် မိမိ၏စိတ်အားထက်သန်သော လူမျိုးတော်အား ဦးဆောင်၍ တရားရုံးများနှင့် မင်းများရှေ့ “သတင်းကောင်းကို ကာကွယ်၍ ဥပဒေအရ အတည်ဖြစ်စေခြင်း” ကိစ္စတွင် အောင်ပွဲအမြောက်အမြား ဆင်နွှဲစေခြင်းဖြင့်လည်း ကောင်းချီးပေးတော်မူသည်။ (ဖိလိပ္ပိ ၁:၇၊ ကဘ; မဿဲ ၁၀:၁၈; ၂၄:၉) ဩစတြေးလျ၊ အာဂျင်တီးနား၊ ကနေဒါ၊ ဂရိ၊ အိန္ဒိယ၊ ဆွာဇီလန်၊ ဆွစ်ဇလန်၊ တူရကီမှစ၍ ကမ္ဘာအနှံ့ အောင်ပွဲခံခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်၌ ယေဟောဝါသက်သေများ အနိုင်ရခဲ့သော အမှု ၅၀ အနက် “လူစုဝေးရာ၌လည်းကောင်း၊ အိမ်များ၌ [“တစ်အိမ်မှတစ်အိမ်သို့၊” ကဘ] လည်းကောင်း” သတင်းကောင်း ကြေညာပိုင်ခွင့်နှင့် ရုပ်တုကိုးကွယ်ရာကျသော မျိုးချစ်အခမ်းအနားများ၌ မပါဝင်ဘဲနေပိုင်ခွင့်အတွက် အာမခံချက်နှင့်ဆိုင်သောအမှုများ ပါဝင်သည်။ (တမန်တော် ၅:၄၂; ၂၀:၂၀; ၁ ကောရိန္သု ၁၀:၁၄) သို့ဖြင့် ကမ္ဘာအနှံ့တိုးချဲ့သော သက်သေခံလုပ်ငန်း၏တံခါးသည် ယနေ့တိုင် ပွင့်လျက်ရှိသည်။

၁၁။ (က) ထိုမြင်းစီးသူရဲသည် မည်သို့ “အပြီးအောင်” တော်မူသနည်း။ (ခ) ဒုတိယ၊ တတိယနှင့် စတုတ္ထတံဆိပ်များကိုဖွင့်ခြင်းသည် ကျွန်ုပ်တို့အား မည်သို့ဖြစ်စေသင့်သနည်း။

၁၁ ယေရှုသည် မည်သို့ “အပြီးအောင်နိုင်”cတော်မူသနည်း။ ကျွန်ုပ်တို့ သိမြင်ရမည်ဖြစ်သည့်အတိုင်း မိစ္ဆာဘာသာကိုပယ်ရှား၍ စာတန့်ရူပအဖွဲ့အစည်း၏ ကျန်အစိတ်အပိုင်းတစ်ခုစီကို ဖျက်ဆီးပြီး “မီးအိုင်” ထဲသို့ပစ်ချလျက် ယေဟောဝါ၏ အချုပ်အခြာအာဏာတော်ကို သင်္ကာယနကင်းရှင်းစေခြင်းအားဖြင့်တည်း။ ယခု ကျွန်ုပ်တို့သည် အာမဂေဒုန်၌ကျရောက်မည့် ထိုနေ့ကို ယုံကြည်စိတ်ချစွာ စောင့်မျှော်ကြ၏။ ထိုအခါ ကျွန်ုပ်တို့၏ “ဘုရင်တကာ့ဘုရင်” သည် စာတန်၏နိုင်ထက်ကလူပြုသော နိုင်ငံရေးအဖွဲ့အစည်းအပေါ် အပြီးအပိုင် အောင်ပွဲခံတော်မူမည်။ (ဗျာဒိတ် ၁၆:၁၆; ၁၇:၁၄; ၁၉:၂၊ ၁၄-၂၁; ယေဇကျေလ ၂၅:၁၇) စပ်ကူးကာလ၌ ကမ္ဘာပေါ်ရှိ မိမိ၏ဖြောင့်မတ်သော လူမျိုးတော်ထဲသို့ နှလုံးရိုးဖြောင့်သူတို့အား ယေဟောဝါ ဆောင်သွင်းတော်မူသည်နှင့်အမျှ မြင်းဖြူပေါ်က အရှုံးမရှိသော အောင်နိုင်သူသည် ဆက်လက်ချီတက်သွားပါလိမ့်မည်။ (ဟေရှာယ ၂၆:၂; ၆၀:၂၂) သင်သည် ယောဟန်အတန်းအစားနှင့်အတူ၊ ဤဝမ်းမြောက်ဖွယ် နိုင်ငံတော်တိုးချဲ့ခြင်းလုပ်ငန်း၌ ပါဝင်ဆင်နွှဲလျက်ရှိသလော။ သို့ပြုလျှင် နောက်ထပ်တံဆိပ်သုံးခုဖွင့်စဉ် တမန်တော်ယောဟန် မြင်ရသောအရာများကြောင့် ယနေ့ ယေဟောဝါ၏လုပ်ငန်းတော်၌ ယခုထက်မက ပါဝင်ဆောင်ရွက်လိုသောဆန္ဒ သင်၌ တဖွားဖွား ပေါ်ပေါက်လာမည်ဧကန်။

ကြည့်ရှုလော့၊ မြင်းနီတစ်စီး

၁၂။ မိမိဘုရင်အဖြစ် အရူပနည်းဖြင့် ရောက်ရှိကြောင်းကို ဘာကသိသာစေမည်ဟု ယေရှုမိန့်ဆိုခဲ့သနည်း။

၁၂ ယေရှု မြေကြီးပေါ် အမှုတော်ဆောင်ခြင်း နိဂုံးပိုင်းတွင် တပည့်တော်တို့က “ကိုယ်တော်ရောက်ရှိခြင်းနှင့် ဤစနစ်ဆုံးခန်း၏ နိမိတ်လက္ခဏာသည် အဘယ်အရာဖြစ်မည် [နည်း]” ဟူ၍ ကိုယ်တော်အား တိတ်တဆိတ် မေးမြန်းကြသည်။ ယေရှု ဖြေကြားရာတွင် “ဒုက္ခဆင်းရဲခြင်း၏ အစအဦး” ဖြစ်မည့် ဘေးများအကြောင်း ဤသို့တင်ကူးမိန့်ဆိုတော်မူသည်– “ထိုမှတစ်ပါး၊ လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ ကြီးစွာသောမြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ မိုးကောင်းကင်၌လည်း ကြောက်မက်ဖွယ်သောအရာနှင့် ကြီးစွာသောပုဗ္ဗနိမိတ်တို့သည် ပေါ်ထွန်းကြလိမ့်မည်။” (မဿဲ ၂၄:၃၊ ကဘ၊ ၇၊ ၈; လုကာ ၂၁:၁၀၊ ၁၁) စာလိပ်၏ ကျန်တံဆိပ်များကို ဖွင့်သောအခါ ယောဟန်မြင်တွေ့ရသော အရာများသည် အထက်ပါပရောဖက်ပြုချက်နှင့် ထူးခြားစွာဆင်တူ၏။ ဘုန်းပွင့်ယေရှု ဒုတိယတံဆိပ်ဖွင့်သည်ကို ယခု ရှုစားပါလေ။

၁၃။ အဘယ်ခြားနားချက်သည် ယောဟန်ရှေ့ ပေါ်လာတော့မည်နည်း။

၁၃ “ဒုတိယတံဆိပ်ကို ကိုယ်တော် ဖွင့်သောအခါ ဒုတိယသက်ရှိသတ္တဝါက ‘လာလော့’ ဟု ဆိုသည်ကို ငါကြား၏။” (ဗျာဒိတ် ၆:၃) နွားပေါက်အဆင်းရှိသော ဒုတိယခေရုဗိမ် အမိန့်ပေးနေခြင်းဖြစ်သည်။ ဤတွင် အစွမ်းတန်ခိုးတည်းဟူသော အရည်အသွေးကို ပုံဆောင်၏။ ဖြောင့်မတ်စွာအသုံးပြုသော အစွမ်းတန်ခိုးဖြစ်သည်။ သို့သော် ယောဟန်သည် သေလမ်းပို့သည့် ကြောက်ခမန်းလိလိ အစွမ်းတန်ခိုးပြမှုကို မြင်ရတော့မည်။

၁၄။ အဘယ်မြင်းနှင့် မြင်းစီးသူရဲကို ယောဟန်ရှေ့ဆက်မြင်ရသနည်း။ ၎င်းရူပါရုံက ဘာကိုပုံခိုင်းသနည်း။

၁၄ သို့ဖြစ်လျှင် “လာလော့” ဟူသော ဒုတိယဆင့်ခေါ်ချက်ကို မည်သို့တုံ့ပြန်သနည်း။ အောက်ပါအတိုင်းဖြစ်၏– “ထိုအခါ နောက်မြင်းတစ်စီး ထွက်လာသည်။ မြင်းနီဖြစ်၏။ မြင်းစီးသူရဲသည် လူလူချင်း သတ်ဖြတ်စေရန် မြေကြီးပေါ်မှ ငြိမ်သက်ခြင်းကို ရုပ်သိမ်းပိုင်ခွင့်ရ၏။ သူ့အား ဓားကြီးတစ်လက်ကို ပေးထားသည်။” (ဗျာဒိတ် ၆:၄) ဝမ်းနည်းပူဆွေးဖွယ် ရူပါရုံပါတကား။ ၎င်းသည် ဘာကိုပုံခိုင်းသည်မှာ သံသယမရှိ။ စစ် ပင်တည်း။ ယေဟောဝါ၏ အောင်ပွဲခံဘုရင်မင်းမြတ်၏ ဖြောင့်မတ်သော အောင်ပွဲခံစစ်မဟုတ်။ အကြောင်းမဲ့သွေးသွန်းမှု၊ နာကျင်မှုတို့နှင့်ပြည့်သည့် လူကြောင့်ဖြစ်သော ရက်စက်သည့် နိုင်ငံတကာဆိုင်ရာ စစ်မက်တည်း။ ဤမြင်းစီးသူရဲသည် မြင်းနီတစ်စီးပေါ် စီးလာသည်မှာ အပ်စပ်လိုက်လေခြင်း။

၁၅။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် ဒုတိယမြင်းစီးသူရဲ၏ စီးနင်းခြင်းနှင့် လုံးဝမပတ်သက်လိုသနည်း။

၁၅ ယောဟန်အနေနှင့် ဤမြင်းစီးသူရဲနှင့်လည်းကောင်း၊ သူ၏ကမူးရှူးထိုး ကဆုန်စိုင်းခြင်းနှင့်လည်းကောင်း ဘာမျှပတ်သက်လိုမည်မဟုတ်။ ဘုရားသခင့်လူမျိုးတော်သည် “စစ်အတတ်ကို နောက်တစ်ဖန် မသင်ရကြ” ဟု ပရောဖက်ပြုနှင့်သောကြောင့်တည်း။ (ဟေရှာယ ၂:၄) ယောဟန်၊ ယောဟန်အတန်းအစားနှင့် လူအုပ်ကြီးသည် “လောက၌ရှိ” သေးသော်လည်း သွေးစွန်းသောဤစနစ်၏ ‘အစိတ်အပိုင်း’ မဟုတ်။ ကျွန်ုပ်တို့၏လက်နက်မှာ ဝိညာဏဖြစ်၍ သမ္မာတရားကို တက်တက်ကြွကြွ ကြွေးကြော်ခြင်းငှာ “ဘုရားသခင်၏တန်ခိုးတော်” ကြောင့် ထက်မြက်၏။ ဇာတိပကတိလက်နက်မဟုတ်။​—ယောဟန် ၁၇:၁၁၊ ၁၄; ၂ ကောရိန္သု ၁၀:၃၊ ၄။

၁၆။ မြင်းနီရှင်သည် မည်သည့်အခါ၊ မည်သည့်နည်းဖြင့် “ဓားကြီး” ကိုရခဲ့သနည်း။

၁၆ မြင်းဖြူရှင် သရဖူဆောင်းသော ၁၉၁၄ ခုနှစ်မတိုင်မီ စစ်အမြောက်အမြား ဖြစ်ပွားခဲ့သည်။ သို့သော် မြင်းနီရှင်သည် ယခု “ဓားကြီးတစ်လက်” ကိုရ၏။ ဘာကိုဆိုလိုသနည်း။ ပထမကမ္ဘာစစ် ပေါက်ကွဲခြင်းနှင့်အတူ လူ့စစ်မက်သည် ယခင်ထက်ပို၍ သွေးသံရဲပြီး ပို၍အဖျက်သန်လာသည်။ ၁၉၁၄-၁၉၁၈ ခုနှစ်၊ သွေးသွန်းပွဲကြီးအတွင်း တင့်ကား၊ အဆိပ်ငွေ့၊ လေယာဉ်၊ ရေငုပ်သင်္ဘော၊ ဧရာမအမြောက်ကြီး၊ မောင်းပြန်သေနတ်တို့ကို ပထမအကြိမ်ဖြစ်စေ၊ ယခင်ထက်ပို၍ ကြီးကျယ်စွာဖြစ်စေ အသုံးပြုခဲ့ကြသည်။ နိုင်ငံ ၂၈ ခု၌ ကြေးစားတပ်သားများသာမက လူထုတစ်ရပ်လုံး စစ်ရေးအတွက် လုံးပန်းရန် အတင်းအကျပ်ပြုခံရသည်။ သေကျေသူအရေအတွက်မှာ ကြောက်ခမန်းလိလိပင်။ တပ်သား ကိုးသန်းကျော် သတ်ဖြတ်ခံရပြီး အရပ်သားသေနှုန်းမှာလည်း မိုးထိဘနန်း။ စစ်ကြီးပြီးဆုံးသည့်နောက်မှာပင် ကမ္ဘာကြီး ပြန်၍ငြိမ်းချမ်းမလာပါ။ ထိုစစ်ကြီးအပြီး အနှစ် ၅၀ ကျော်တွင် ဂျာမနီနိုင်ငံခေါင်းဆောင် ကောန်ရဒ် အက်ဒနော်ရ်က “၁၉၁၄ ခုနှစ်မှစ၍ လုံခြုံမှုနှင့်ငြိမ်သက်မှုသည် လူသားတို့ဘဝမှ ပျောက်ကွယ်ခဲ့ချေပြီ” ဟု ပြောကြားခဲ့သည်။ မြင်းနီရှင်သည် ကမ္ဘာပေါ်မှ ငြိမ်သက်ခြင်း ရုပ်သိမ်းခွင့်ကို တကယ်ပင် ရခဲ့သည်တကား။

၁၇။ ပထမကမ္ဘာစစ်ကြီးပြီးနောက် “ဓားကြီး” ကို မည်သို့ဆက်၍သုံးလျက်ရှိသနည်း။

၁၇ မြင်းနီရှင်သည် သွေးအရသာ တွေ့သွားပြီဖြစ်ရာ သွေးဆာဆာနှင့် ဒုတိယကမ္ဘာစစ်အတွင်းသို့ ခုန်ဆင်းလေတော့သည်။ သတ်ဖြတ်သည့် လက်နက်ကိရိယာများသည် ယခင်ကထက် ရက်စက်ကြမ်းကြုတ်လာပြီး အသေအပျောက်နှုန်းလည်း ပထမကမ္ဘာစစ်၏လေးဆတိုင် တစ်ဟုန်ထိုးတက်သွားသည်။ ၁၉၄၅ ခုနှစ်၌ ဂျပန်နိုင်ငံအပေါ် အဏုမြူဗုံးနှစ်လုံး ဖောက်ခွဲခဲ့ရာ တစ်လုံးစီသည် လျှပ်တစ်ပြက်အတွင်း လူပေါင်းသောင်းချီ ချေမှုန်းခဲ့လေသည်။ မြင်းနီရှင်သည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း အသက်ပေါင်း ၅၅ သန်း တောင်ပုံရာပုံ ရိတ်သိမ်းခဲ့လျက်နှင့် အာသာမပြေသေး။ ခိုင်လုံသောသတင်းအရ၊ ဒုတိယကမ္ဘာစစ်ပြီးနောက် လူပေါင်းသန်း ၂၀ ကျော်မှာ “ဓားကြီး” အောက် ဇီဝိန်ကြွေခဲ့ရလေပြီ။

၁၈၊ ၁၉။ (က) ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် သတ်ဖြတ်မှုသည် စစ်မက်ဆိုင်ရာနည်းပညာ၏ အောင်မြင်မှုတစ်ရပ်မဟုတ်ဘဲ အဘယ်အရာ၏ သာဓကဖြစ်သနည်း။ (ခ) လူသားများ ဘာကပ်ဘေးနှင့် ရင်ဆိုင်နေရသနည်း။ သို့သော် မြင်းဖြူရှင်က ၎င်းကို မည်သို့ဖယ်ရှားမည်နည်း။

၁၈ ၎င်းကို စစ်မက်ဆိုင်ရာနည်းပညာ၏ အောင်မြင်မှုတစ်ရပ်ဟု ဆိုနိုင်သလော။ မဆိုနိုင်ပါ။ အကြင်နာမဲ့ မြင်းနီရှင် ကဆုန်စိုင်းနေခြင်း၏ သာဓကသာဖြစ်၏။ ဘယ်စခန်းရောက်တော့မှ ရပ်မည်နည်း။ ကြိုတင်စီစဉ်ပြီးတိုက်သော နျူကလီးယားစစ်ပွဲကို မဆိုထားနှင့် နျူကလီးယားစစ် မတော်တဆဖြစ်ဖို့ သေချာသလောက်ဖြစ်သည်ဟု အချို့သိပ္ပံပညာရှင်များက ဟောကိန်းထုတ်ထားသည်။ သို့သော် ဝမ်းသာစရာမှာ အောင်ပွဲခံ မြင်းဖြူရှင်၌ အခြားအကြံအစည်တစ်မျိုးရှိ၏။

၁၉ လူ့အဖွဲ့အစည်းသည် မျိုးချစ်မာန်နှင့် မုန်းတီးစိတ်ပေါ် အခြေပြုနေသမျှကာလပတ်လုံး လူသားသည် နျူကလီးယားယမ်းပုံပေါ်မှာ ထိုင်နေရပါလိမ့်မည်။ တိုင်းနိုင်ငံများသည် ကြံရာမရသဖြင့် နျူကလီးယားလက်နက်ရှိသမျှကို ဖျက်သိမ်းလျှင်တောင်မှ ဆိုင်ရာပညာကိုမူ ဖျောက်ဖျက်ပစ်မည်မဟုတ်။ မိမိတို့၏ လူသတ်နျူကလီးယား ကိရိယာများကို တစ်ခဏချင်း ပြန်၍ထုတ်လုပ်နိုင်သည်။ သို့ဖြင့် သမားရိုးကျလက်နက်များဖြင့် တိုက်ခိုက်သော မည်သည့်စစ်မက်မဆို မကြာမီ မီးလောင်တိုက် ဖြစ်သွားနိုင်သည်။ မြင်းနီ၏ကမူးရှူးထိုး ကဆုန်စိုင်းမှုကို မြင်းဖြူရှင်ကသာ မရပ်တန့်စေပါက၊ မဆီးတားပါက တိုင်းနိုင်ငံများကို လွှမ်းခြုံထားသော မာနနှင့် မုန်းတီးစိတ်ကြောင့် လူသားထုသည် ကိုယ့်ကိုယ်ကို အဆုံးစီရင်မည့်ကိန်းသို့ ဆိုက်မည်မုချ။ ဘုရင်ခရစ်တော်သည် စာတန်ခြယ်လှယ်သော လောကအပေါ် အောင်ပွဲဆင်ရန်မက ဘုရားသခင်နှင့် လူလူချင်းကိုချစ်သော မေတ္တာပေါ်အခြေပြုသည့် လူ့အဖွဲ့အစည်းသစ်ကို တည်ထောင်ရန် စီးနင်းချီတက်တော်မူမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချကြပါစို့။ အဆိုပါမေတ္တာသည် ရူးသွပ်သော ယခုကာလ၏ ချည့်နဲ့သည့်နျူကလီးယား အဟန့်အတားများထက် အဆပေါင်းများစွာသာ၍ အားကောင်းသော ငြိမ်းချမ်းရေးအင်အားဖြစ်ပေသည်။​—ဆာလံ ၃၇:၉-၁၁; မာကု ၁၂:၂၉-၃၁; ဗျာဒိတ် ၂၁:၁-၅။

မြင်းနက်တစ်စီး စိုင်းထွက်လာ

၂၀။ မြင်းဖြူရှင်သည် ဘေးဘယထူပြောသော အဘယ်အခြေအနေမျိုးကိုမဆို ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု စိတ်ချယုံကြည်ရန် ဘာအကြောင်းရှိသနည်း။

၂၀ ယခု တတိယတံဆိပ်ကို ယေရှုဖွင့်ပြီ။ ယောဟန်၊ သင်ဘာတွေ့ရသနည်း။ “တတိယတံဆိပ်ကို ကိုယ်တော်ဖွင့်သောအခါ တတိယသက်ရှိသတ္တဝါက ‘လာလော့’ ဟု ဆိုသည်ကို ငါကြား၏။” (ဗျာဒိတ် ၆:၅က) ဝမ်းသာစရာမှာ ဤတတိယခေရုဗိမ်သည် “လူ့မျက်နှာကဲ့သို့သော မျက်နှာရှိ” ၍ ၎င်းသည် မေတ္တာဟူသည့် အရည်အချင်းကို သရုပ်ဖော်သည်။ မူကိုအခြေခံသော မေတ္တာသည် ဘုရားသခင့်ကမ္ဘာသစ်၌ စိမ့်ဝင်ပျံ့နှံ့နေပါလိမ့်မည်။ ယနေ့ ယေဟောဝါ၏ အဖွဲ့အစည်းတစ်ခုလုံးတွင် ထိုအရည်အသွေးမွန် ပျံ့နှံ့လျက်ရှိသကဲ့သို့ဖြစ်၏။ (ဗျာဒိတ် ၄:၇; ၁ ယောဟန် ၄:၁၆) “ရန်သူအပေါင်းတို့ကို ခြေဖဝါးတော်အောက်၌ ချထားတော်မူသည်တိုင်အောင် အုပ်စိုးတော်မူရမည်” ဖြစ်သော မြင်းဖြူရှင်သည် ယောဟန်ရှေ့ဆက် လေ့လာသုံးသပ်ခွင့်ရသည့် ဘေးဘယထူပြောသော အခြေအနေကို မေတ္တာရှေ့ထား၍ ဖယ်ရှားတော်မူမည်ဟု ကျွန်ုပ်တို့စိတ်ချနိုင်၏။​—၁ ကောရိန္သု ၁၅:၂၅၊ သမ္မာ။

၂၁။ (က) မြင်းနက်နှင့် မြင်းစီးသူရဲသည် ဘာကိုပုံခိုင်းသနည်း။ (ခ) မြင်းနက် သောင်းကျန်းနေဆဲဖြစ်ကြောင်း ဘာကသက်သေပြသနည်း။

၂၁ သို့ဖြစ်၍ “လာလော့” ဟူသောဆင့်ဆိုချက်ကို တုံ့ပြန်သောအခါ ယောဟန် ဘာကိုမြင်ရသနည်း။ “ထိုအခါ ငါကြည့်လိုက်သော် မြင်းနက်တစ်စီးကို ငါမြင်၏။ မြင်းစီးသူရဲ၏လက်ထဲ၌ ချိန်ခွင်တစ်လက်ရှိ၏။” (ဗျာဒိတ် ၆:၅ခ) တကယ့်အစာငတ်မွတ်ဘေးကြီးပါတကား။ ဤကား ထိုပရောဖက်ပြုချက်ဆိုင်ရာမြင်ကွင်း၏ ကြောက်ဖွယ်လိလိ သတင်းပင်တည်း။ ၎င်းသည် အစာကိုချိန်တွယ်၍ ဝေစားရသော သခင့်နေ့တော်အဦးပိုင်းမှ အခြေအနေကို ညွှန်ပြနေ၏။ ငတ်မွတ်ဘေးသည် ၁၉၁၄ ခုနှစ်မှစ၍ ယနေ့တိုင် ကမ္ဘာ့ပြဿနာ ဖြစ်လျက်ရှိခဲ့သည်။ ယခုခေတ် စစ်မက်လည်း ငတ်မွတ်ဘေးကိုဖြစ်စေသည်။ ဆာလောင်သူတို့ကိုကျွေးရန် သုံးစွဲနေကျ ဓနအင်ခွင်ကို လမ်းကြောင်းလွှဲ၍ စစ်လက်နက်အတွက် သုံးစွဲရ၍ဖြစ်၏။ လယ်သမားများသည် ဥပဒေအရ စစ်မှုထမ်းရပြီး စစ်ကြောင့် လယ်ယာပျက်စီးသည့်ပြင် မြေလှန်စနစ်များကြောင့် အစာထုတ်လုပ်မှု လျော့နည်းရသည်။ ပထမကမ္ဘာစစ်အတွင်း ထိုအဖြစ်သနစ်မျိုးနှင့် ကြုံခဲ့ရသဖြင့် လူသန်းနှင့်ချီ ငတ်ပြတ်သေဆုံးခဲ့ကြသည်။ ထိုမျှမက ဆာလောင်ခြင်း မြင်းနက်စီးသူသည် စစ်ပြီးသည့်နောက်မှာပင် မလျှော့သေး။ ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ယူခရိန်းတွင် အစာခေါင်းပါးဘေး တစ်ခုတည်းကြောင့် လူငါးသန်းသေဆုံးခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြောင့် ပို၍အစာရှားပါး ငတ်မွတ်ခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နှစ်စဉ်ကလေးငယ် ငါးသန်းကျော်သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းမှာ အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်သည်ဟု ခန့်မှန်းထားသည်။

၂၂။ (က) အသံတစ်ခုက ဘာပြောသနည်း။ အဘယ်အရာပြုလုပ်ဖို့လိုကြောင်း ဖော်ပြသနည်း။ (ခ) ဂျုံတစ်ခွက်နှင့် မုယောသုံးခွက်၏ ဈေးနှုန်းအသီးသီးက ဘာကိုဆိုလိုသနည်း။

၂၂ ယောဟန် နောက်ထပ်ပြောစရာရှိ၏– “ထို့ပြင်၊ သက်ရှိသတ္တဝါ လေးပါးအလယ်မှ ထွက်လာသည်ဟုထင်ရသော အသံတစ်ခုက ‘ဂျုံတစ်ခွက်အတွက် ဒေနာရိတစ်ပြား၊ မုယောသုံးခွက်အတွက် ဒေနာရိတစ်ပြား။ သံလွင်ဆီနှင့် စပျစ်ရည်ကို မထိခိုက်စေနှင့်’ ဟုဆိုသည်ကို ငါကြား၏။” (ဗျာဒိတ် ၆:၆) ဘီစီ ၆၀၇ ခုနှစ်၊ ယေရုရှလင်မြို့ မပျက်စီးမီက လူတို့သည် “မုန့်ကိုချိန်လျက် စိုးရိမ်သောစိတ်နှင့် စားရကြ” သကဲ့သို့ စားနပ်ရိက္ခာကို သတိနှင့် ထိန်းသိမ်းရန်လိုကြောင်း ခေရုဗိမ်လေးပါးစလုံး တညီတညွတ်တည်းဆိုကြ၏။ (ယေဇကျေလ ၄:၁၆) ယောဟန်လက်ထက်၌ ဂျုံတစ်ခွက်ကို စစ်သားတစ်ဦး၏ တစ်နေ့စာဝေပုံအဖြစ် ယူမှတ်ကြ၏။ ၎င်းတစ်နေ့စာဝေပုံအတွက် မည်မျှပေးရသနည်း။ ဒေနာရိတစ်ပြား​—တစ်နေ့လုံးလုပ်ခတည်း။ (မဿဲ ၂၀:၂)d အိမ်ထောင်ရှိလျှင် မည်သို့နည်း။ ၎င်းအစား၊ မုယောကြမ်းသုံးခွက် ဝယ်နိုင်ပါသည်။ သို့တိုင် မိသားစုငယ်လေးအတွက်သာ လောက်င၏။ ထို့ပြင် မုယောကို ဂျုံလောက်ကောင်းသည်ဟု မယူဆကြပါ။

၂၃။ “သံလွင်ဆီနှင့် စပျစ်ရည်ကို မထိခိုက်စေနှင့်” ဟူသောစကားက အဘယ်အဓိပ္ပာယ်ရှိသနည်း။

၂၃ “သံလွင်ဆီနှင့် စပျစ်ရည်ကို မထိခိုက်စေနှင့်” ဟူသောစကားက ဘာကိုဆိုလိုသနည်း။ လူအများ အစာရှားပါးရုံမက ငတ်ပင်ငတ်မွတ်နေကြသော်လည်း သူဌေးတို့၏ ဇိမ်ခံပစ္စည်းများကား မထိခိုက် ဟူသော အဓိပ္ပာယ်ရှိကြောင်း အချို့သူများက ယူမှတ်ကြသည်။ သို့သော် အရှေ့အလယ်ပိုင်း၌ ဆီနှင့်စပျစ်ရည်သည် ဇိမ်ခံပစ္စည်းများမဟုတ်။ ကျမ်းစာခေတ်တွင် မုန့်၊ ဆီနှင့် စပျစ်ရည်တို့ကို အဓိကစားကုန်များအဖြစ် ယူမှတ်ကြသည်။ (ကမ္ဘာဦး ၁၄:၁၈; ဆာလံ ၁၀၄:၁၄၊ ၁၅ နှိုင်းယှဉ်။) ထိုခေတ်က ရေသည် အမြဲတမ်း ကောင်းသည်မဟုတ်။ ထို့ကြောင့် စပျစ်ရည်ကို အများတကာ သောက်သုံးကြပြီး ရံဖန်ရံခါ ဆေးဖြစ်ဝါးဖြစ်သုံးကြသည်။ (၁ တိမောသေ ၅:၂၃) ဆီအကြောင်းဆိုရလျှင် ဧလိယလက်ထက် ဇရတ္တမြို့မှ မုဆိုးမသည် ဆင်းရဲလျက်နှင့် ဂျုံနုအကျန်လေးကိုမုန့်လုပ်ရန် ဆီအကျန်အကြွင်းရှိသေးသည်။ (၃ ဓမ္မရာဇဝင် ၁၇:၁၂) သို့ဖြစ်၍ “သံလွင်ဆီနှင့် စပျစ်ရည်ကို မထိခိုက်စေနှင့်” ဟူသောအမိန့်က ထိုအခြေခံစားသုံးကုန်များကို ကုန်အောင်အမြန်မသုံးဘဲ ချွေတာသုံးစွဲကြရန် အကြံပေးသည်နှင့်တူသည်။ ထိုသို့မချွေတာလျှင် ၎င်းတို့ကို “ထိခိုက်” ရာရောက်၍ ငတ်မွတ်ဘေးမလွန်ခင် ကုန်ခန်းသွားပါလိမ့်မည်။

၂၄။ မြင်းနက်သည် အဘယ်ကြောင့် နောက်ထပ်ကြာရှည်စွာ ကဆုန်ပေါက်မည်မဟုတ်သနည်း။

၂၄ မကြာမီ မြင်းဖြူရှင်သည် ကဆုန်စိုင်းနေသော ၎င်းမြင်းနက်ကို ဇက်သတ်တော့မည်ဖြစ်၍ ဝမ်းသာစရာပါတကား။ အကြောင်းမှာ ကမ္ဘာသစ်အတွက် ကိုယ်တော်၏ မေတ္တာပြည့်ဝသော စီမံချက်နှင့်စပ်လျဉ်း၍ ဤသို့ရေးထား၍တည်း– “လက်ထက်တော်၌ လသည် ပပျောက်ခြင်းသို့ မရောက်မီတိုင်အောင် တရားသောသူသည် ပွင့်လန်း၍ ချမ်းသာများပြားလိမ့်မည်။ . . . ပြည်တော်၌ များစွာသောစပါးရှိ၍ အသီးအနှံသည် တောင်ထိပ်ပေါ်မှာ လှုပ်ရှား [“ပြည့်လျှံ၊” ကဘ] လိမ့်မည်။”​—ဆာလံ ၇၂:၇၊ ၁၆; ဟေရှာယ ၂၅:၆-၈ လည်းရှု။

မြင်းမွဲနှင့် မြင်းစီးသူရဲ

၂၅။ စတုတ္ထတံဆိပ်ကို ယေရှုဖွင့်စဉ် မည်သူ့အသံကို ယောဟန်ကြားရသနည်း။ ၎င်းသည် ဘာကိုရည်ညွှန်းသနည်း။

၂၅ ဇာတ်လမ်းမဆုံးသေးပါ။ စတုတ္ထတံဆိပ်ကို ယေရှုဖွင့်တော်မူရာ ရလဒ်ကို ယောဟန်ဤသို့ဖော်ပြ၏– “စတုတ္ထတံဆိပ်ကို ကိုယ်တော်ဖွင့်သောအခါ စတုတ္ထသက်ရှိသတ္တဝါ၏ ‘လာလော့’ ဟုဆိုသောအသံကို ငါကြား၏။” (ဗျာဒိတ် ၆:၇) ဤကား ပျံနေသောလင်းယုန်နှင့်ဆင်တူသည့် ခေရုဗိမ်၏အသံတည်း။ အမြော်အမြင်ရှိသော ဉာဏ်ပညာကို ရည်ညွှန်း၏။ ဤတွင်ဖော်ပြသော အရာကိုထောက်၍ ယောဟန်၊ ယောဟန်အတန်းအစားနှင့် မြေကြီးပေါ်ရှိ ဘုရားသခင့် အခြားအစေခံအားလုံး ထိုးထွင်းဉာဏ်ဖြင့် အကဲခတ်လှုပ်ရှားဖို့ လိုအပ်သည်။ သို့ပြုလျှင် ဘဝင်မြင့်ပြီး သီလပျက်သော ယနေ့လူမျိုးဆက်၏ လောကီပညာတတ်များကို ဖိစီးနှိပ်စက်သည့် ကပ်ဘေးများမှ အကာအကွယ် အတော်အတန်ရနိုင်မည်။​—၁ ကောရိန္သု ၁:၂၀၊ ၂၁။

၂၆။ (က) စတုတ္ထမြင်းစီးသူရဲမှာ မည်သူဖြစ်၍ သူ့မြင်း၏အရောင်သည် အဘယ်ကြောင့်အပ်စပ်သနည်း။ (ခ) စတုတ္ထမြင်းစီးသူရဲနောက်မှ မည်သူလိုက်ပါလာ၍ သူ၏သားကောင်များ ဘာဖြစ်ကြရသနည်း။

၂၆ သို့ဖြစ်၍ ဆင့်ခေါ်သံကို စတုတ္ထမြင်းစီးသူရဲ တုံ့ပြန်သောအခါ အဘယ်ထိတ်လန့်ဖွယ်ရာများ ထွက်ပေါ်လာသနည်း။ ယောဟန် ဤသို့ပြောပြ၏– “ထိုအခါ ငါကြည့်လိုက်သော် မြင်းမွဲတစ်စီးကို ငါမြင်၏။ မြင်းစီးသူရဲသည် သေခြင်းဟူသော အမည်ရှိ၏။ ဟေးဒီးစ်လည်း သူ့နောက်မှကပ်၍ လိုက်ပါလာ၏။” (ဗျာဒိတ် ၆:၈က) နောက်ဆုံးမြင်းကိုစီးသောသူ၌ သေခြင်း ဟူသော အမည်ရှိ၏။ ဗျာဒိတ်ကျမ်းပါ မြင်းစီးသူရဲလေးဦးအနက် သူတစ်ဦးသာလျှင် မိမိ၏အမည်ကို တိုက်ရိုက်ဖော်ပြသည်။ သေခြင်းသည် အရောင်မှိန်သော၊ ဖြူဖျော့သောမြင်းကိုစီးသည်မှာ ညီထွေလှ၏။ အကြောင်းမှာ ဖျော့သော (ဂရိလို ခလောရော့စ် [khlo·rosʹ]) ဟူသောစကားလုံးကို ဂရိစာပေတွင် ရောဂါကြောင့် ဖြူဖပ်ဖြူရော်ဖြစ်နေသော မျက်နှာများအကြောင်း ဖော်ပြရာတွင် အသုံးပြု၏။ သေခြင်းနောက်၌ ဟေးဒီးစ် (သင်္ချိုင်း) က ဖော်ပြမထားသောနည်းဖြင့် ကပ်လျက်လိုက်ပါလာသည်မှာလည်း ဆီလျော်၏။ အကြောင်းမှာ ဟေးဒီးစ်သည် စတုတ္ထမြင်းစီးသူရဲလက်ချက်ဖြင့် ကျဆုံးသည့် ပို၍များပြားသောလူတို့ကို လက်ခံသည်။ ဝမ်းသာစရာမှာ ဤသူတို့အတွက် ထမြောက်ခြင်းရှိ၏။ ထိုအခါ ‘သေခြင်းနှင့် ဟေးဒီးစ်တို့သည် မိမိတို့၌ရှိသော လူသေတို့ကို ပေးအပ်ကြမည်။’ (ဗျာဒိတ် ၂၀:၁၃) သို့သော် သေခြင်းသည် ထိုသားကောင်တို့၏အသက်ကို မည်သို့ခြွေယူသနည်း။

၂၇။ (က) မြင်းစီးသူရဲသေခြင်းသည် မိမိသားကောင်များ၏အသက်ကို မည်သို့ခြွေယူသနည်း။ (ခ) သေခြင်းအာဏာရသော “မြေကြီးလေးစိတ်တစ်စိတ်” က ဘာကိုဆိုလိုသနည်း။

၂၇ ရူပါရုံက နည်းလမ်းအချို့ကို စာရင်းတင်ပြသည်– “သူတို့သည် မြေကြီး၏ လေးပုံတစ်ပုံပေါ်တွင် အခွင့်အာဏာရ၍ ဓားဘေး၊ အစာခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးနှင့် မြေသားရဲဘေးတို့ဖြင့် သတ်ပိုင်သောအခွင့်ကို ရကြ၏။” (ဗျာဒိတ် ၆:၈ခ) ကမ္ဘာ့လူဦးရေ၏ ပကတိလေးပုံတစ်ပုံ ဖြစ်ချင်မှဖြစ်မည်။ သို့သော် သိပ်သည်းစွာဖြစ်စေ၊ ပြန့်ကျဲလျက်ဖြစ်စေ နေထိုင်သော ကမ္ဘာ့လူဦးရေ တစ်ပုံတစ်ခေါင်းကြီးသည် ၎င်းစီးနင်းမှု၏ဒဏ်ကို ခံရကြမည်ဖြစ်သည်။ ဤမြင်းစီးသူရဲသည် ဒုတိယမြင်းစီးသူရဲ၏ ဓားကြီးနှင့် တတိယမြင်းစီးသူရဲ၏ အစာရှားပါး၊ ငတ်မွတ်ခြင်းတို့ကြောင့် သားကောင်ဖြစ်ရရှာသော သူများကို ရိတ်သိမ်းရသည်။ ၎င်းသည် လုကာ ၂၁:၁၀၊ ၁၁ တင်ပြသည့် ကပ်ရောဂါနှင့် မြေငလျင်တို့ဖြင့် လူ့အသက်များကို ခြွေယူသည်။

၂၈။ (က) “ကပ်ရောဂါ” ဆိုင်ရာ ပရောဖက်ပြုချက် မည်သို့ပြည့်စုံလျက်ရှိသနည်း။ (ခ) ယနေ့ ယေဟောဝါ၏လူမျိုးတော်သည် ရောဂါအမျိုးမျိုး၏ဘေးမှ မည်သို့အကာအကွယ်ရခဲ့ကြသနည်း။

၂၈ လက်ရှိ အရေးပါသောအရာမှာ “ကပ်ရောဂါ” ပင်ဖြစ်သည်။ ပထမကမ္ဘာစစ် မွှေနှောက်သွားသည့်နောက် ၁၉၁၈-၁၉ ခုနှစ်၏ လအနည်းငယ်အတွင်း စပိန်တုပ်ကွေးက လူ့အသက်သန်း ၂၀ ကိုခြွေယူခဲ့သည်။ ကမ္ဘာပေါ်တွင် စိန့်ဟယ်လင်နာဆိုသော ကျွန်းလေးတစ်ခုသာ ထိုကပ်နှင့်လွတ်ခဲ့သည်။ လူဦးရေပြုန်းတီးမှုများပြားသော ဒေသများ၌ဆိုလျှင် အလောင်းများကို အစုလိုက်အပြုံလိုက် မီးသင်္ဂြိုဟ်ရသည်။ ယနေ့လည်း နှလုံးရောဂါနှင့် ကင်ဆာတို့သည် ကြောက်စရာဖြစ်၏။ များသောအားဖြင့် ဆေးရွက်ကြီး၏ ညစ်ညမ်းမှုကြောင့်ဖြစ်သည်။ “ကြောက်လန့်ရွံမုန်းဖွယ် ဆယ်စုနှစ်” ဟုသမုတ်ကြသော ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ကျမ်းစာစံအရ တရားလက်လွတ်ဟုဆိုရသော နေထိုင်ပုံတစ်မျိုးကြောင့် “ကပ်ရောဂါ” စာရင်းထဲ၌ အေ့ဒ်စ်ရောဂါကပ်ဆိုးတစ်ပါး တိုးများလာသည်။ ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စု သမားတော်ချုပ်က အေ့ဒ်စ်ရောဂါသည် “ကမ္ဘာ့အဆိုးဆုံးကပ်ရောဂါဖြစ်၏” ဟုဖော်ပြသည်။ ကမ္ဘာတစ်ဝန်းတွင် Hiv

/Aids ကူးစက်ခံရသူ ၅၂ သန်းရှိပြီး သန်း ၂၀ သေဆုံးခဲ့ရပြီဟု ဆိုသေးသည်။ မတရားမေထုန်နှင့် သွေးအလွဲသုံးမှုကြောင့် ယနေ့ ရောဂါအမျိုးမျိုး ကူးစက်လျက်ရှိသည်ဖြစ်ရာ ယေဟောဝါ၏လူမျိုးတော်သည် ကိုယ်တော့်နှုတ်ကပါဌ်တော်၏ ပညာရှိသြဝါဒကြောင့် ၎င်းတို့ကိုရှောင်ရှားနိုင်သဖြင့် ကျေးဇူးတော်ကြီးလှသည်တကား။​—တမန်တော် ၁၅:၂၈၊ ၂၉; ၁ ကောရိန္သု ၆:၉-၁၁ နှိုင်းယှဉ်။

၂၉၊ ၃၀။ (က) ယေဇကျေလ ၁၄:၂၁ ၏ “အလွန်ဆိုးသောဘေးလေးပါးတို့” သည် ယခုခေတ်နှင့် မည်သို့သက်ဆိုင်သည်ဟု ဆိုရမည်နည်း။ (ခ) ဗျာဒိတ် ၆:၈ ပါ “သားရဲ” ကို ကျွန်ုပ်တို့မည်သို့ နားလည်နိုင်သနည်း။ (ဂ) ဤပရောဖက်ပြုချက်မြင်ကွင်း၏ အဓိကအချက်မှာ ဘာဖြစ်ပုံရသနည်း။

၂၉ ယောဟန်၏ရူပါရုံက အသေစောခြင်း၏ စတုတ္ထအကြောင်းရင်းမှာ သားရဲကြောင့်ဖြစ်သည်ဟုဆို၏။ မှန်ပေသည်။ စတုတ္ထတံဆိပ်ပွင့်၍ ပေါ်လာသောအရာလေးပါး​—စစ်မက်၊ ငတ်မွတ်ဘေး၊ ရောဂါနှင့် သားရဲ​—တို့မှာ အသေစောခြင်း၏ အဓိကအကြောင်းရင်းများဖြစ်သည်ဟု ရှေးလူတို့ ရှုမြင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ယနေ့ အသေစောရခြင်းအကြောင်းရင်းအားလုံးကို တင်ကူးပုံဆောင်ပေမည်။ “ယေရုရှလင်မြို့၌ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်ခြင်းငှာ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ဖျက်ဆီးတတ်သောသားရဲဘေး၊ ကာလနာဘေးတည်းဟူသော၊ အလွန်ဆိုးသော ဘေးလေးပါးတို့ကို ငါစေလွှတ် . . . မည်” ဟု ဣသရေလလူတို့အား ယေဟောဝါ သတိပေးတော်မူသည့်အတိုင်းဖြစ်သည်။​—ယေဇကျေလ ၁၄:၂၁။

၃၀ ယခုခေတ်၌ သားရဲကိုက်သတ်မှုသည် သတင်းခေါင်းစဉ် ဖြစ်ခဲလှသော်လည်း အပူပိုင်းနိုင်ငံများ၌ သားရဲကြောင့်သေဆုံးမှု ယနေ့တိုင် မှန်မှန်ဖြစ်ပွားလာခဲ့သည်။ နောင်၌ စစ်မက်ကြောင့် လူခြေတိတ်၍ဖြစ်စေ၊ ငတ်မွတ်ဘေးကြောင့် အားပြတ်ချည့်နဲ့သဖြင့် ဆာလောင်သောတိရစ္ဆာန်များကို မတိုက်လှန်နိုင်၍ဖြစ်စေ ၎င်းတို့၏သားကောင်များ ဖြစ်လာမည့်သူ တိုးလာနိုင်သည်။ ထိုမျှမက၊ ယနေ့ လူအမြောက်အမြားတို့သည် ဟေရှာယ ၁၁:၆-၉ တွင်ဖော်ပြသော တိရစ္ဆာန်များနှင့်မတူ၊ ဆင်ခြင်ဉာဏ်မဲ့သော တိရစ္ဆာန်များပမာ သားရဲစိတ်ထားမျိုး တင်ပြကြသည်။ သူတို့အများစုသည် ယခုခေတ် ကမ္ဘာတစ်ဝန်းရှိ လိင်ဆိုင်ရာပြစ်မှု၊ လူသတ်မှု၊ အကြမ်းဖက်မှုနှင့် ဗုံးခွဲမှုတို့၏ တရားခံဖြစ်ကြသည်။ (ယေဇကျေလ ၂၁:၃၁; ရောမ ၁:၂၈-၃၁; ၂ ပေတရု ၂:၁၂) သူတို့၏ သားကောင်များကိုပါ စတုတ္ထမြင်းစီးသူရဲက ရိတ်သိမ်း၏။ ဤပရောဖက်ပြုချက်မြင်ကွင်း၏ လိုရင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အသေစောသူများကို မြင်းမွဲရှင်က ရိတ်သိမ်းသည်ဟူသောအချက်ပင် ဖြစ်ပုံရသည်။

၃၁။ မြင်းနီ၊ မြင်းနက်နှင့် မြင်းမွဲတို့၏ မြင်းစီးသူရဲများ မွှေနှောက်လျက်ရှိသော်လည်း ကျွန်ုပ်တို့အဘယ်ကြောင့် အားယူနိုင်သနည်း။

၃၁ ပထမတံဆိပ်လေးခုဖွင့်၍ ပေါ်လာသောအချက်အလက်များက ကျွန်ုပ်တို့ကို စိတ်အေးသက်သာစေသည်။ အကြောင်းမှာ ၎င်းက စစ်မက်၊ ငတ်ပြတ်မှု၊ ရောဂါမှစ၍ ယနေ့များပြားလှသော အသေစောခြင်းအကြောင်းများကြောင့် စိတ်အားမငယ်ရန် ကျွန်ုပ်တို့ကို သင်ကြားပေး၍ဖြစ်သည်။ လက်ရှိပြဿနာများကို လူသားခေါင်းဆောင်များ မဖြေရှင်းနိုင်သည့်အတွက်ကြောင့်လည်း ကျွန်ုပ်တို့စိတ်မပျက်သင့်။ ကမ္ဘာ့အခြေအနေများက မြင်းနီ၊ မြင်းနက်နှင့် မြင်းမွဲရှင်တို့ နေရာအနှံ့ ကဆုန်ပေါက်နေကြောင်း သက်သေထူနေလျှင် မြင်းဖြူရှင် အဦးဆုံးစီးထွက်လာသည်ကို မမေ့ပါနှင့်။ ယေရှုသည် ဘုရင်ဖြစ်လေပြီ။ စာတန်ကို ကောင်းကင်မှပစ်ချသည့်အဆင့်အထိ အောင်နိုင်ခဲ့ပြီ။ ကိုယ်တော်၏လာမည့်အောင်ပွဲများတွင် ဝိညာဏဣသရေလ အကြွင်းအကျန်နှင့် သန်းပေါင်းများစွာသော အပြည်ပြည်ဆိုင်ရာ လူအုပ်ကြီးအား ဆင်းရဲဒုက္ခကြီးကို ကပ်ကျော်စေရန် စုသိမ်းခြင်းကိစ္စ ပါဝင်၏။ (ဗျာဒိတ် ၇:၄၊ ၉၊ ၁၄) အောင်ပန်း အပြီးဆွတ်ခူးသည့်အထိ ကိုယ်တော် စီးကြွချီတက်ရဦးမည်ဖြစ်သည်။

၃၂။ ပထမတံဆိပ်လေးခုထဲက တစ်ခုကိုဖွင့်တိုင်း ဘာထူးခြားချက်ရှိသနည်း။

၃၂  ပထမတံဆိပ်လေးခုထဲက တစ်ခုစီကိုဖွင့်တိုင်း “လာလော့” ဟူသော ဆင့်ဆိုသံ လိုက်ပါလာသည်။ အကြိမ်တိုင်း မြင်းတစ်ကောင်နှင့် မြင်းစီးသူရဲ စိုင်းထွက်လာသည်။ ပဉ္စမတံဆိပ်မှစ၍ ထိုသို့သောဆင့်ဆိုသံကို မကြားရတော့။ သို့တစေ၊ ထိုမြင်းစီးသူရဲများ စီးနင်းလျက်နေဆဲဖြစ်ပြီး စနစ်ဆုံးခန်းတစ်လျှောက်လုံး ကဆုန်ပေါက်လျက် နေကြမည်ဖြစ်သည်။ (မဿဲ ၂၈:၂၀ နှိုင်းယှဉ်။) ကျန်တံဆိပ်သုံးခုကို ယေရှုဖွင့်သောအခါ အဘယ်အရေးပါသော အခြင်းအရာများကို ဖော်ပြတော်မူသနည်း။ အဖြစ်အပျက်အချို့မှာ လူ့မျက်စိဖြင့် မမြင်နိုင်ရာများဖြစ်သည်။ အချို့ကိုမူ မြင်နိုင်သော်လည်း အနာဂတ်နှင့်ဆိုင်၏။ သို့သော် ၎င်းတို့သည် ဧကန်ပြည့်စုံမည်ဖြစ်သည်။ အဘယ်အရာများဖြစ်သည်ကို ကြည့်ကြစို့။

[အောက်ခြေမှတ်ချက်]

a သို့သော် ဗျာဒိတ် ၁၂:၁ ပါ “မိန်းမ” သည် “ကြယ်တစ်ဆယ့်နှစ်လုံးပါသည့်” တင်စားသော “သရဖူ” ကိုဆောင်းထားကြောင်း မှတ်သားပါ။

b ၁၉၁၄ ခုနှစ်၌ မိမိနိုင်ငံတော်သို့ ယေရှုကြွတော်မူကြောင်း အသေးစိတ်သာဓကကို ယေဟောဝါသက်သေများ ထုတ်ဝေသည့် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၊ စာမျက်နှာ ၂၁၅-၁၈ တွင်ရှု။

c ဘာသာပြန်ကျမ်းများစွာတို့က ဤကြိယာမဲ့စကားစုကို “အောင်မြင်ခြင်းငှာ” (Revised Standard, The New English Bible, King James Version, ယဒ၊ သမ၊ သမ္မာ) သို့မဟုတ် “အောင်မြင်ရန် သန္နိဋ္ဌာန်ချလျက်” (Phillips, New International Version) ဟုပြန်ဆိုကြသော်လည်း ဤနေရာ၌သုံးသော aorist subjunctive က မူလဂရိစကား၌ ပြီးစီးခြင်း သို့မဟုတ် ပြီးပြတ်ခြင်းဟူသော အဓိပ္ပာယ်ပါရှိသည်။ သို့ဖြစ်၍ ရော်ဘတ်စင်၏ Word Pictures in the New Testament က “aorist ကြိယာသဏ္ဌာန်သည် နောက်ဆုံးအောင်ပွဲကိုပြသည်” ဟုဆိုသည်။

d ကမ္ဘာသစ်ဘာသာပြန် ရည်ညွှန်းကျမ်းစာ၊ အောက်ခြေမှတ်ချက်ကိုရှု။

[စာမျက်နှာ ၉၂ ပါ လေးထောင့်ကွက်]

ဘုရင်မင်းမြတ် အောင်မြင်စွာ စီးနင်းချီတက်

၁၉၃၀ နှင့် ၁၉၄၀ ပြည့်လွန်နှစ်များအတွင်း အလျှော့မပေးသောရန်သူများက ယေဟောဝါသက်သေများ၏ ဓမ္မအမှုကို တရားမဝင်၊ ရာဇဝတ်မှုဖြစ်ရုံမက အစိုးရကိုမှောက်လှန်သော အပြုအမူဖြစ်ပုံရအောင် ကြံဆောင်ခဲ့ကြသည်။ (ဆာလံ ၉၄:၂၀) ၁၉၃၆ ခုနှစ် တစ်နှစ်တည်း၌ အမေရိကန်ပြည်ထောင်စုတွင် ဖမ်းဆီးမှု ၁,၁၄၉ မှုပြုခဲ့သည်။ သက်သေခံတို့သည် အမေရိကန်ပြည်ထောင်စု၏ တရားရုံးချုပ်အထိ အမှုဆိုင်ခဲ့ရာ အောက်ပါတို့မှာ တရားခွင်တွင်နိုင်ခဲ့သည့် ထင်ရှားသောအောင်ပွဲများဖြစ်သည်။

၁၉၄၃ ခုနှစ်၊ မေလ ၃ ရက်တွင် မာရ်ဒေါ့နှင့် ပဲင်စီလ်ဗေးနီးယား အမှု၌ တရားရုံးချုပ်က သက်သေခံများသည် စာအုပ်စာတမ်းများကို ငွေကောက်၍ဖြန့်ဝေရန် လိုင်စင်မလိုဟု ဆုံးဖြတ်လိုက်သည်။ ထိုနေ့ချင်း မာတင်နှင့် စထရပ်ဘား အမှု၌ တစ်အိမ်မှတစ်အိမ် ဝေစာနှင့် အခြားကြော်ငြာစာတမ်းများဖြန့်ဝေစဉ် တံခါး ခေါင်းလောင်းတီးခြင်းသည် ဥပဒေနှင့်မညီညွတ်သော လုပ်ရပ်မဟုတ်ဟု ချမှတ်ခဲ့သည်။

၁၉၄၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်တွင် တေလာနှင့် မစ်စစ်စစ်ပီ အမှု၌ တရားရုံးချုပ်က သက်သေခံများသည် ဟောပြောခြင်းလုပ်ငန်းအားဖြင့် လူတို့ကို အစိုးရအပေါ် သစ္စာဖောက်ဖျက်စေရန် အားပေးရာမရောက် ဟူ၍ဆုံးဖြတ်လိုက်သည်။ ထိုနေ့အတွင်း အနောက်ဗာဂျီးနီးယားပြည်နယ် ပညာရေးအဖွဲ့နှင့် ဘားနက် အမှု၌ တရားရုံးချုပ်က ကျောင်းဘုတ်အဖွဲ့တစ်ခုအနေနှင့် အလံအလေးမပြုသော ယေဟောဝါသက်သေ ကလေးများကို ကျောင်းထုတ်ပိုင်ခွင့်မရှိ ဟူ၍ချမှတ်ခဲ့သည်။ နောက်တစ်နေ့၌ ဩစတြေးလျ၏ တရားရုံးချုပ်က ၎င်းနိုင်ငံတွင် ယေဟောဝါ သက်သေများအား ပိတ်ပင်ခြင်းမှာ “အကျိုးအကြောင်းမဆင်ခြင်၊ ထင်ရာစိုင်း၍ နိုင်လိုမင်းထက်ဆန်သည်” ဆိုကာ ထိုပိတ်ပင်မှုကို တညီတညွတ်တည်း ဖယ်ရှားလိုက်သည်။

[စာမျက်နှာ ၉၄ ပါ လေးထောင့်ကွက်]

“မြေကြီးပေါ်မှငြိမ်သက်ခြင်းကို ရုပ်သိမ်းပိုင်ခွင့်ရ”

နည်းပညာသည် ဘယ်ကိုဦးတည်နေသနည်း။ ၁၉၈၇ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်၊ ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့ထုတ် သည်ဂလုပ်ဘ် အဲန်မေးလ် သတင်းစာက နိုင်ငံတကာဖွံ့ဖြိုးရေး သုတေသနဗဟိုဌာန ဥက္ကဋ္ဌ အိုင်ဗင် အယ်လ်၊ ဟက်၏မိန့်ခွန်းမှ အောက်ပါအချက်ကို ကောက်နုတ်ဖော်ပြလိုက်သည်–

“သုတေသနနှင့် တိုးတက်ဖွံ့ဖြိုးရေး၌ လုပ်ဆောင်နေသော ကမ္ဘာ့သိပ္ပံပညာရှင်နှင့် နည်းပညာရှင်လေးဦးလျှင် တစ်ဦးသည် လက်နက်ထုတ်လုပ်မှုအတွက် လုပ်ကိုင်နေသည်ဟု ခိုင်လုံစွာ ခန့်မှန်းရပါသည်။ ၁၉၈၆ ခုနှစ်၏နှုန်းအရ၊ ကုန်ကျစရိတ်သည် တစ်မိနစ်လျှင် ဒေါ်လာ ၁.၅ သန်းမက ဖြစ်သည်။ . . . နည်းပညာကို ဤသို့အလေးပေး လုပ်ဆောင်မှုကြောင့် ကျွန်ုပ်တို့ ပို၍လုံခြုံ လာပြီလော။ အင်အားကြီးနိုင်ငံများ ပိုင်ဆိုင်သော နျူကလီးယား လက်နက်များ၏ ပေါက်ကွဲစွမ်းအားသည် ဒုတိယကမ္ဘာစစ်ကြီး တစ်ခုလုံးအတွင်း တိုက်ပွဲဝင်သူအားလုံး သုံးစွဲခဲ့သော လက်နက်ခဲယမ်းမီးကျောက် ရှိရှိသမျှ၏ ပေါက်ကွဲစွမ်းအား၏ အဆပေါင်း ၆,၀၀၀ နှင့်ညီမျှသည်။ ဒုတိယကမ္ဘာစစ်ကြီးပေါင်း ခြောက်ထောင်ဖြစ်၏။ ၁၉၄၅ ခုနှစ် နောက်ပိုင်း၌ ကမ္ဘာကြီး စစ်ရေးစစ်ရာနှင့် ကင်းရှင်းခဲ့သည့်ကာလမှာ ရက်သတ္တပတ် ခုနစ်ပတ်လောက်ပင်မရှိ။ နိုင်ငံတကာ သို့မဟုတ် ပြည်တွင်းစစ် ၁၅၀ ဖြစ်ပွားခဲ့ပြီး သန်း ၂၀ ကျော် သေဆုံးခဲ့သည်။ အများ အားဖြင့် ဤကုလသမဂ္ဂခေတ်အတွင်း ပေါ်ထွန်းလာသော အစွမ်းထက်မြက်သည့် နည်းပညာသစ်များကြောင့်ဖြစ်သည်။” ၂၀၀၅ ခုနှစ်တိုင်လေသော် စစ်မှုကြောင့် သန်း ၂၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။

[စာမျက်နှာ ၉၈၊ ၉၉ ပါ ရုပ်ပုံ]

ဗျာဒိတ်ကျမ်း၏ ဖွဲ့စည်းမှုဘောင်

ဗျာဒိတ်ကျမ်းဆွေးနွေးခန်း၏ ဤအပိုင်းသို့ရောက်ပြီဖြစ်၍ ကျွန်ုပ်တို့သည် ကျမ်း၏ဖွဲ့စည်းမှုဘောင်ကို ပို၍ရှင်းလင်းစွာမြင်လာပြီ။ ၎င်း၏စိတ်လှုပ်ရှားဖွယ်နိဒါန်း (ဗျာဒိတ် ၁:၁-၉) နောက်၌ ဗျာဒိတ်ကျမ်းကို အောက်ပါအတိုင်း ရူပါရုံ ၁၆ ခုအဖြစ် ပိုင်းခြားယူမှတ်နိုင်သည်–

ပထမရူပါရုံ (၁:၁၀–၃:၂၂)– ယောဟန်သည် ဝိညာဉ်တော် လှုံဆော်ခြင်းခံရသဖြင့် ဘုန်းပွင့်သောယေရှုကို မြင်ရ၏။ ယေရှုသည် အသင်းတော်ခုနစ်ပါးထံ လှိုက်လှဲသော ဩဝါဒသတင်းစကားများ ပေးပို့တော်မူသည်။

ဒုတိယရူပါရုံ (၄:၁–၅:၁၄)– ယေဟောဝါဘုရားသခင်၏ ကောင်းကင်ပလ္လင်တော်ဆိုင်ရာ ဘုန်းကွန့်မြင်ကွင်း။ ကိုယ်တော်သည် သိုးသငယ်အား စာလိပ်တစ်လိပ်ကို ကမ်းတော်မူ၏။

တတိယရူပါရုံ (၆:၁-၁၇)– သိုးသငယ်သည် စာလိပ်၏ ပထမတံဆိပ်ခြောက်ခုကို ဖွင့်ကာ သခင့်နေ့တော်အတွင်း ဖြစ်ပျက်မည့် အခြင်းအရာများဆိုင်ရာ ပေါင်းစပ်ရူပါရုံတစ်ခုကို တစ်စစ လှစ်ဟတော်မူသည်။ အပေါကလစ်ပါ မြင်းစီးသူရဲလေးဦး ချီတက်လာသည်။ ဘုရားသခင်၏ သက်စွန့်အာဇာနည်ကျွန်များ ဝတ်လုံဖြူ ခံယူကြသည်။ အမျက်တော်နေ့ကြီးအကြောင်းကို ဖော်ပြသည်။

စတုတ္ထရူပါရုံ (၇:၁-၁၇)– ဝိညာဏဣသရေလလူ ၁၄၄,၀၀၀ ကို တံဆိပ်မခတ်မချင်း ဖျက်ဆီးခြင်းလေများကို ကောင်းကင်တမန်များက ထိန်းချုပ်ကြသည်။ လူမျိုးအားလုံးမှ လူအုပ်ကြီးသည် ဘုရားသခင်နှင့် ခရစ်တော်၏ ကယ်တင်ခြင်းကျေးဇူးတော်ကို ချီးမွမ်း၍ ဆင်းရဲဒုက္ခကြီးကို ကပ်ကျော်ရန် စုသိမ်းခံရကြသည်။

ပဉ္စမရူပါရုံ (၈:၁–၉:၂၁)– သတ္တမတံဆိပ်ဖွင့်စဉ် တံပိုးခရာခုနစ်ခု မှုတ်၏။ ပထမခြောက်ခု မှုတ်ခြင်းသည် ပဉ္စမရူပါရုံအဖြစ် ဖွဲ့စည်း၏။ ၎င်းတံပိုးခရာခြောက်ခု မှုတ်ခြင်းက လူသားများအပေါ် ယေဟောဝါ တရားစီရင်တော်မူခြင်းကို ကြော်ငြာသည်။ ပဉ္စမနှင့် ဆဋ္ဌမတံပိုးခရာများသည် ပထမနှင့်ဒုတိယ အမင်္ဂလာများကိုလည်း နိဒါန်းပျိုးလိုက်သည်။

ဆဋ္ဌမရူပါရုံ (၁၀:၁–၁၁:၁၉)– ခွန်အားကြီးသော ကောင်းကင်တမန် တစ်ပါးက ယောဟန်အား စာလိပ်ကလေးတစ်လိပ်ကို ပေး၏။ ဗိမာန်တော်ကို တိုင်းထွာ၏။ သက်သေခံနှစ်ဦး၏ တွေ့ကြုံမှုများကို သိရ၏။ သတ္တမတံပိုးခရာ မှုတ်ခြင်းနှင့်အတူ ဆဋ္ဌမရူပါရုံ အဆုံးသတ်သည်။ သတ္တမတံပိုးခရာ မှုတ်ခြင်းမှာ ဘုရားသခင့်ရန်သူများအတွက် တတိယအမင်္ဂလာတည်းဟူသော ယေဟောဝါနှင့် သားတော်ခရစ်တော်၏ လာလတ္တံ့သောနိုင်ငံတော်အကြောင်း ကြွေးကြော်ခြင်းပင်ဖြစ်သည်။

သတ္တမရူပါရုံ (၁၂:၁-၁၇)– နိုင်ငံတော်ဖွားမြင်သဖြင့် မြွေစာတန်ကို မိက္ခေလက မြေကြီးပေါ်သို့ ပစ်ချခြင်းအကြောင်း ဖော်ပြသည်။

အဋ္ဌမရူပါရုံ (၁၃:၁-၁၈)– ခွန်အားကြီးသောသားရဲ ပင်လယ်ထဲမှ ထွက်လာသည်။ ၎င်းကိုကိုးကွယ်ရန် သိုးသငယ်နှင့်တူသော ဦးချိုနှစ်ချောင်းရှိသည့် သားရဲက လူသားတို့ကို တိုက်တွန်းသည်။

နဝမရူပါရုံ (၁၄:၁-၂၀)– ဇိအုန်တောင်ပေါ်မှ ၁၄၄,၀၀၀ နှင့်ဆိုင်သော ထူးကဲပြောင်မြောက်သည့် ရှေ့ပြေးမြင်ကွင်း။ ကောင်းကင်တမန် ကြွေးကြော်သော သတင်းများကို ကမ္ဘာတစ်ခွင် ကြားရကြသည်။ မြေကြီးစပျစ်ကို ရိတ်သိမ်း၏။ ဘုရားသခင့်အမျက်တော် စပျစ်နယ်ရာကျင်းကို နင်းနယ်သည်။

ဒဿမရူပါရုံ (၁၅:၁–၁၆:၂၁)– ကောင်းကင်တရားရုံးကို ရိပ်ခနဲမြင်ရပြန်သည်။ ၎င်းနောက် ယေဟောဝါ၏ အမျက်တော်ဖလား ခုနစ်လုံးကို မြေကြီးပေါ် သွန်းလောင်းသည်။ ဤအပိုင်းလည်း စာတန့်စနစ်နိဂုံးဆိုင်ရာ ပရောဖက်ပြုဖော်ပြချက်နှင့်အတူ အဆုံးသတ်သည်။

ဆယ့်တစ်ခုမြောက်ရူပါရုံ (၁၇:၁-၁၈)– ပြည့်တန်ဆာကြီး မဟာဗာဗုလုန် ကြက်သွေးရောင်သားရဲကို စီးသည်။ ၎င်းသားရဲသည် တွင်းနက်ကြီးထဲသို့ ခေတ္တသက်ဆင်း၍ ပြန်ထွက်လာကာ ၎င်းကို ချေမှုန်းဖျက်ဆီးလေသည်။

ဆယ့်နှစ်ခုမြောက်ရူပါရုံ (၁၈:၁​–၁၉:၁၀)– မဟာဗာဗုလုန်၏ ကျဆုံးခြင်းနှင့် အပြီးပျက်စီးခြင်းကို ကြေညာသည်။ မဟာဗာဗုလုန် အဆုံးစီရင်ခံရသောအခါ အချို့ကငိုကြွေး၍ အချို့က ယေဟောဝါကို ချီးမွမ်းကြသည်။ သိုးသငယ်၏ မင်္ဂလာပွဲကို ကြေညာသည်။

ဆယ့်သုံးခုမြောက်ရူပါရုံ (၁၉:၁၁-၂၁)– ကောင်းကင်တပ်များကို ယေရှုဦးစီးလျက် စာတန့်စနစ်၊ ၎င်း၏တပ်များနှင့် ထောက်ခံသူများအပေါ် ဘုရားသခင့် အမျက်တော်စီရင်ချက် သက်ရောက်စေသည်။ သူတို့၏အလောင်းများကို အသေကောင်ပုပ်စားငှက်များက တစ်ဝစားကြသည်။

ဆယ့်လေးခုမြောက်ရူပါရုံ (၂၀:၁-၁၀)– စာတန်မာရ်နတ်ကို တွင်းနက်ကြီးထဲသို့ ပစ်ချချုပ်နှောင်ခြင်း။ ခရစ်တော်နှင့် အပေါင်းပါဘုရင်များ၏ အနှစ်တစ်ထောင် အုပ်စိုးမှု။ လူသားတို့၏ နောက်ဆုံးစမ်းသပ်မှု။ စာတန်နှင့် သူ၏နတ်ဆိုးများ၏ ပျက်စီးခြင်း။

ဆယ့်ငါးခုမြောက်ရူပါရုံ (၂၀:၁၁–၂၁:၈)– အထွေထွေထမြောက်ခြင်းနှင့် တရားစီရင်ရာနေ့ကြီး။ ကောင်းကင်သစ်နှင့် မြေကြီးသစ်ပေါ်လာ၍ ဖြောင့်မတ်သောလူသားများ ထာဝရကောင်းချီးများ ခံစားရခြင်း။

ဆယ့်ခြောက်ခုမြောက်ရူပါရုံ (၂၁:၉–၂၂:၅)– ဗျာဒိတ်ကျမ်းသည် သိုးသငယ်၏ ဇနီးတည်းဟူသော ယေရုရှလင်မြို့သစ်ဆိုင်ရာ ဘုန်းရောင်ကွန့်မြူးသည့် ရူပါရုံနှင့်အတူ အထွတ်အထိပ်သို့ ရောက်လေသည်။ လူသားတို့ကို ကုသ၍ အသက်ပေးရန် ဘုရားသခင့် ပြင်ဆင်ပေးချက်သည် ထိုမြို့ထဲမှ စီးထွက်သည်။

ဗျာဒိတ်ကျမ်းသည် ယေဟောဝါ၊ ယေရှု၊ ကောင်းကင်တမန်နှင့် ယောဟန်တို့ထံမှလာသော လှိုက်လှဲသော နှုတ်ဆက်စကားနှင့် ဩဝါဒများဖြင့် နိဂုံးချုပ်လေသည်။ လူတိုင်းအား “လာလော့” ဟု ခေါ်ဖိတ်သည်။​—ဗျာဒိတ် ၂၂:၆-၂၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ