ကျူးလစ် မုန်တိုင်းသမိုင်းရှိခဲ့သည့်ပန်း
နယ်သာလန်နိုင်ငံမှ နိုးလော့! သတင်းထောက်ပေးပို့သည်
“ဟော်လန်နိုင်ငံတွင် ဂိန်မာန်နွေဦးဝင်ကာမြူးသည်နှင့် မြေဧကထောင်နှင့်ချီ၍ . . . အသက်ဝင်သလိုပင်” ဟု နယ်သာလန် ခရီးသွားလာရေးဗြူရိုက ဆိုသည်။ အချိန်တိုအတွင်း တစ်ကွင်းလုံးတွင် တောက်ပသည့်ရောင်စုံ ဖူးပွင့်ဝေဆာနေသော ကျူးလစ်ပင်တန်းများ ဘွားကနဲပေါ်ထွက်လာရာ ယင်းကပင် ကမ္ဘာတစ်ဝန်းမှ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်မှုဖြစ်စေသည့် ပန်းဖြင့်ဖော်ထားသော ရင်သပ်ရှုမောဖွယ်ရာကို ဖန်တီးပေးသည်။ ဧည့်သည်တော်အများစုက အဆိုပါ သာမောဖွယ် လူကြိုက်များသည့် စိုက်ပျိုးထားသောပန်းများသည် လေရဟတ်၊ ဒိန်ခဲနှင့် သစ်သားရှူးဖိနပ်များကဲ့သို့ ဒတ်ချ်နိုင်ငံအမှတ်အသားဖြစ်သည်ဟု ထင်ကြသည်။ သို့သော် အမှန်တကယ်တွင် ကျူးလစ်တို့၏ ဒေသရင်းမှာ တူရကီနိုင်ငံဖြစ်ကြောင်း သင်သိပါသလော။
အရှေ့တိုင်းဒေသရင်း ဒတ်ချ်ကျူးလစ်များ
၁၂ ရာစုမှဖြစ်ကြောင်း ရက်စွဲတပ်နိုင်သည့် တူရကီအဆင်တန်ဆာများတွင် ကျူးလစ်ပုံများကို ပုံဖော်ထားသော်လည်း ဥရောပစာပေများကမူ ကျူးလစ်အကြောင်းကို ၁၅၅၀ ပြည့်လွန်နှစ်များတွင်ဦးဆုံးအကြိမ်အဖြစ် ဖော်ပြထားကြောင်း ရုက္ခဗေဒပညာရှင် အယ်ဒလေဒီ အယ်လ်. စတော့ခ် ကမှတ်ချက်ချထားသည်။ ၁၅၅၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံမှ ခရီးသွားတစ်ဦးက “အံ့ဩတကြီးဖြစ်နေသော နိုင်ငံခြားသားများ” သည် (အစ္စတန်ဘူး) ကွန်စတန်တိနိုးဘယ်ဈေးများတွင် ထူးထူးဆန်းဆန်း “ကြက်သွန်ဥကြီးများဖြင့် အနီရောင်နှင်းပန်းများ” ကို ဝယ်နေကြကြောင်း ရေးသားထားသည်။ နယ်ခံများက ထိုပန်းကို တူရကီဘာသာစကားဖြင့် “ခေါင်းပေါင်း” အဓိပ္ပာယ်ရသည့် ဒဲလ်ဘန်း ဟုခေါ်သည်၊ ထိုစကားလုံးသည်ပင် “‘ကျူးလစ်’ ဆင်းသက်လာရာ စကားလုံးရင်းမြစ်” ဖြစ်လာကြောင်း ဒေါက်တာ စတော့ခ်က ရှင်းပြသည်။
အဆိုပါ ခေါင်းပေါင်းကဲ့သို့သောပန်း၏ဆွဲဆောင်မှုခံရသော နိုင်ငံခြားသားတစ်ဦးမှာ တူရကီနိုင်ငံဆိုင်ရာ ဩစတြီးယား သံအမတ် အိုကီယာ ဂဲလန် ဒီ ဘတ်ဇ်ဘိခ် (၁၅၅၅-၆၂) ဖြစ်သည်။ ပန်းဥတချို့ကို ကွန်စတန်တိနိုဘယ်မြို့မှ ဗီယာနာမြို့သို့ ယူခဲ့ပြီး ဟက်ပ်စ်ဘာ့ဂ် ဧကရာဇ် ပထမမြောက် ဖာဒီနန်၏ ဥယျာဉ်တော်ထဲတွင် စိုက်ပျိုးခဲ့သည်။ ကျူးလစ်ပန်းဥများသည် ကာရိုလပ်စ် ခလူးဇီးယပ်စ် လက်တင်အမည်ဖြင့် သာ၍လူသိများသော ပြင်သစ် ရုက္ခဗေဒပညာရှင် ချားလ် ဒီ လက်ခလုစ်၏ ကျွမ်းကျင်သော ပြုစုမှုအောက်တွင် ဖူးပွင့်ဝေဆာလာတော့သည်။
မကြာပါချေ၊ ခလူးဇီးယပ်စ်၏ကျော်ကြားမှုသည် နယ်သာလန်နိုင်ငံရှိ လေဒင်တက္ကသိုလ်၏ အာရုံကို ညှို့ဆွဲယူနိုင်ခဲ့ရာ တက္ကသိုလ်ရုက္ခဗေဒဥယျာဉ်တာဝန်ခံအဖြစ်ထမ်းဆောင်ရန် သူ့အားနားချနိုင်ခဲ့သည်။ ၁၅၉၃ ခုနှစ် အောက်တိုဘာလတွင် ခလူးဇီးယပ်စ်—နှင့် “စုဆောင်းသိုမှီးထားသော ကျူးလစ်ပန်းဥတို့”—သည် လေဒင်မြို့သို့ ဆိုက်ရောက်လာလေသည်။ လအနည်းငယ်အကြာ ၁၅၉၄ ခုနှစ် ဂိန်မာန်နွေဦးတွင် ခလူးဇီးယပ်စ်၏ဥယျာဉ်သစ်သည် နယ်သာလန်နိုင်ငံ၌ ကျူးလစ်ပန်း ဦးဆုံးဖူးပွင့်သည့် ဌာနေဖြစ်လေတော့သည်။
ကျူးလစ်အရူးအမူး—မုန်တိုင်းကာလ
ကျူးလစ်၏ တောက်ပသောအရောင်နှင့် တစ်မူထူးသည့်ပုံစံတို့က ဒတ်ချ်တို့ကို ညှို့ယူထားသည်။ ပန်းဥနှင့်ပတ်သက်ပြီး တူရကီစူလတန်စော်ဘွားက အကြီးအကျယ်အမွမ်းတင်သည့် စိတ်ကူးယဉ်အချစ်ပုံပြင်များကြောင့် ဂုဏ်ဒြပ်လိုလားသူတိုင်းအား ယင်းဥများကို အားကျမခံရယူလိုစိတ် ဖြစ်ပေါ်စေခဲ့သည်။ မကြာမီတွင် ကျူးလစ်ပန်းဥစိုက်ပျိုးခြင်းသည် အမြတ်အစွန်းများသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာသည်၊ ဝယ်လိုအားက ရောင်းလိုအားကို စတင်ကျော်လာသောအခါ ပန်းဥဈေးသည် ရုတ်တရက်ထိုးတက်လာရာ ဒတ်ချ်သမိုင်းဆရာများက တဲလ်ပင်ဝိုးဒီး ခေါ် ကျူးလစ်အရူးအမူးဖြစ်သော မုန်တိုင်းကာလဟုသမုတ်သည့် ကာလကို အစပြုပေးခဲ့သည်။
ကျူးလစ်ပန်းဥသည် လူကြိုက်အများဆုံး ကုန်ပစ္စည်းဖြစ်လာသော ၁၆၃၀ ပြည့်လွန်နှစ်များတွင် ကျူးလစ်အရူးအမူးသည် အထွတ်အထိပ်သို့ရောက်ခဲ့သည်။ ဤကာလတွင် သုခုမသမိုင်းဆရာ အိုလီဗာ အင်းပေးက ယမ် ဒီ.ဒီဟမ် (၁၇ ရာစုက သက်မဲ့ပစ္စည်းများကို ရေးဆွဲသည့် ဒတ်ချ်ပန်းချီပညာရှင်ကြီး) ၏ ကျူးလစ်ပန်းချီကားတစ်ချပ်ကို ဝယ်ခြင်းသည် ရှားပါးလှသည့် ကျူးလစ်ပန်းဥတစ်ဥကို ဝယ်ခြင်းထက် ပို၍လွယ်ကူသည်ဟု ဆိုခဲ့သည်။ ပန်းတစ်ဥသည် သတို့သမီးအတွက် ခန်းဝင်ပစ္စည်းတစ်ခုအဖြစ် လက်ခံဖွယ်ရာဖြစ်သလို ပန်းဥသုံးဥသည် ဆည်မြောင်းဘေးရှိ အိမ်တစ်ဆောင်မျှ တန်သည်၊ ကျူးလစ်ဘရာစရီ မျိုးကွဲတစ်ဥကို စီးပွားဖြစ်နေသော ဘီယာချက်ရုံတစ်ရုံနှင့် အရောင်းအဝယ်ဖြစ်နေသည်။ ပန်းဥကုန်သည်များမှာ တစ်လလျှင် (ယနေ့ခေတ် အမေရိကန် ငွေကြေးအရ) ဒေါ်လာ ၄၄,၀၀၀ ခန့် ဝင်ငွေရှိနိုင်သည်။ ဟော်လန်နိုင်ငံတစ်ဝန်းရှိ အင်းများနှင့် ဘုံဆိုင်များတွင် တစ်ခုတည်းသောကုန်ပစ္စည်းဖြစ်သည့် ပန်းဥအကြောင်းကိုသာ အဓိကထား ပြောဆိုအလုပ်ဖြစ်နေကြသည်။
“တရိပ်ရိပ်တက်လာသောဈေးက သာမန် အလယ်အလတ်တန်းစားနှင့် ဆင်းရဲသားမိသားစုတို့အား ကျူးလစ်ဈေးကွက်တွင် ဝင်ရောက်ဈေးကစားဖို့ ဆွဲဆောင်ခဲ့” ကြောင်း ဗြိတိန်နစ်ကာ စွယ်စုံကျမ်းသစ် ကဖြည့်စွက်ထားသည်။ “ပန်းဥများကိုဝယ်ကာ ဈေးမြင့်မြင့်နှင့်ပြန်ရောင်းဖို့ အိမ်များ၊ မြေယာများနှင့် စက်မှုလုပ်ငန်းများကို ပေါင်နှံခဲ့ကြသည်။ ပန်းဥများ မြေမကျရဘဲ အကြိမ်ပေါင်းများစွာ ရောင်းလိုက် ပြန်ရောင်းလိုက်လုပ်နေကြသည်။” မျက်စိတစ်မှိတ်အတွင်းတွင် အမြတ်နှစ်ဆရနေသည်။ ဆင်းရဲသူများ ချမ်းသာလာသည်; ချမ်းသာသူများမှာ သူဌေးသူကြွယ်ကြီးများလာကြသည်။ ပန်းဥအရောင်းအဝယ်လုပ်ငန်းသည် ရုတ်တရက် ရောင်းသူက ဝယ်သူထက်ပို၍များလာကာ ဈေးကွက်ပျက်သွားသည့် ၁၆၃၇ ခုနှစ်အထိ ပုံအောဈေးကစားသူများ၏ ဈေးကွက်ဖြစ်နေခဲ့သည်။ ညတွင်းချင်းဆိုရမလောက် ထောင်သောင်းချီသော ဒတ်ချ်တို့သည် လူချမ်းသာများအဖြစ်မှ ပြုတ်ပြုတ်ပြုန်းသည့်ဘဝရောက်ခဲ့ကြရသည်။
တမ်းတမ်းစွဲဆက်ဖြစ်
သို့ရာတွင် ကျူးလစ်ကို တမ်းတမ်းစွဲဖြစ်ခြင်းသည် ကျူးလစ်အရူးအမူးကာလပြီးနောက် ဆက်လက်ရှင်သန်နေရာ ကျူးလစ်ပန်းဥလုပ်ငန်းသည် ဦးမော့လာပြန်သည်။ အမှန်မှာ ၁၈ ရာစုအရောက်တွင် တူရကီစူလတန်စော်ဘွား တတိယမြောက် အာမက္ကသည် ဟော်လန်နိုင်ငံမှ ကျူးလစ်ထောင်သောင်းချီပြီး တင်သွင်းသည်အထိ ဒတ်ချ်ကျူးလစ်များ အလွန်ကျော်ကြားလာသည်။ ထို့ကြောင့် ခရီးရှည်နှင်ပြီးနောက် တူရကီဖွား ဒတ်ချ်ကျူးလစ်များသည် မိမိတို့၏ဒေသရင်းသို့ ပြန်ရောက်လာတော့သည်။ ယနေ့ဆိုလျှင် နယ်သာလန်နိုင်ငံတွင် ကျူးလစ်စိုက်ပျိုးမှုသည် အဓိကလုပ်ငန်းကြီး—အချို့အဆိုအရ လှပသောစီးပွားရေးလုပ်ငန်းဖြစ်လာသည်။ နိုင်ငံ၏ စတုရန်းမိုင်ပေါင်း ၁၃,၀၀၀ အနက်မှ ဧက ၁၉,၀၀၀ ခန့်ကို ကျူးလစ်ပန်းဥစိုက်ပျိုးဖို့အတွက် အသုံးပြုသည်။ နှစ်စဉ် နိုင်ငံ၏စိုက်ပျိုးသူ ၃,၃၀၀ သည်နိုင်ငံပေါင်း ၈၀ ကျော်သို့ ကျူးလစ်ပန်းဥ သန်းနှစ်ထောင်နီးပါး တင်ပို့သည်။
ကျူးလစ်သည် မုန်တိုင်းအတိတ်ရှိခဲ့သော်လည်း လူသားတို့သည် ဤပန်းခြံကို တဖြည်းဖြည်း ပို၍တမ်းတမ်းစွဲဖြစ်လာခဲ့သည်။ ရာစုနှစ်များတစ်လျှောက် လှပသည့် ဤပန်းက ပန်းချီဆရာများ၊ ကဗျာဆရာများနှင့် သိပ္ပံပညာရှင်များအား ယင်း၏လှပကြော့ရှင်းသည့်ပုံစံနှင့် ပေါ်လွင်သော အသွေးအရောင်တို့ကို ပန်းချီကားရေးဆွဲ၊ စာပေများရေးသားလိုစိတ်ပေါ်စေခဲ့သည်။ သူတို့ထဲမှတစ်ဦးဖြစ်သော ၁၈ ရာစု သိပ္ပံပညာရှင် ယိုဟန်းခရစ္စတီးယန်း ဘာနီမန်က ကျူးလစ်နှင့်ပတ်သက်ပြီး ဂျာမနီတွင် သုတေသနစာတမ်းတစ်စောင်ကို ပြုစုခဲ့ပြီးနောက် အဆိုပါစာတမ်းကို ဒီ ကျူလ်ပီ ဇူးမ် ရမ် အဲရီး ရှိုးဖရီးစ်၊ အန့် ဖာဂျနာဂတ် အက်ဒလာ ဂျီမူတာ (မိမိဖန်ဆင်းရှင်၏ ဂုဏ်တော်အတွက်နှင့် မြင့်မြတ်သောစိတ်ထား၏သာယာမှုအတွက် ကျူးလစ်) ဟု အမည်တပ်ခဲ့သည်။ အယ်ဒလေဒီ စတော့ခ်က မိမိနှင့် အခြားစာရေးဆရာများအတွက် ကျူးလစ်သည် “ဥယျာဉ်မှူးလက်ထဲမှ ပစ္စည်းတစ်ခုမျှသာမဟုတ်ဘဲ ဖန်ဆင်းရှင်၏ကြီးမြင့်မှုနှင့် ဂုဏ်တော်ကို ထင်ဟပ်ပြသည့်အရာတစ်ခုဖြစ်သည်” ဟု မှတ်ချက်ချသည်။ နုရွလှပသော ဤပန်းကို ကြည့်လိုက်လျှင် သင်လက်မခံနိုင်ဘဲဖြစ်မည်မဟုတ်ပေ။
[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]
ကျူးလစ်စိုက်ပျိုးနည်း
ရေအလုံအလောက် ရနေသ၍ မြေအမျိုးအစား အားလုံးနီးပါးနှင့် သင့်လျော်သည်။ သို့သော် အပေါ်ယံမြေလွှာတွင် သဲ၊ သစ်ခက်သစ်ရွက်ဆွေး၊ မြေဆွေးများကို သမပေးပါက ပို၍ရှင်သန်ကြီးထွားလွယ်သည်။
ကျူးလစ်ပန်းဥများကို ဆောင်းဦးပေါက်အချိန်တွင် စိုက်ပျိုးပါ။ စိုက်နည်းနှစ်နည်းရှိသည်– ပန်းဥတစ်ဥတစ်ခုအတွက် ကျင်းတစ်ကျင်းကို တူး၍စိုက်နိုင်သည် သို့မဟုတ် ပျိုးပေါင်လုပ်၍ တစ်ကြိမ်တည်းနှင့် ပန်းဥအားလုံးကို စိုက်နိုင်သည်။
ကျူးလစ်ပန်းဥစိုက်ပျိုးဖို့အတွက် အတွေ့အကြုံအရတင်ပြချက်– အပင်စိုက်မည့်ကျင်းသည် ပန်းဥ၏နှစ်ဆ နက်သင့်သည်။ ဆိုလိုသည်မှာ ပန်းဥ၏အောက်ခြေ (ပြားသည့်အခြမ်း) သည် မြေအောက်တွင် ရှစ်လက်မခန့်မြုပ်နေသင့်သည်။ ပန်းဥများကို ငါးလက်မခန့် ခွာထားပါ။
ပန်းဥများကို တူးထားသည့်မြေဖြင့် ပြန်ဖုံးကာ အညှောက်ထွက်လာဖို့ ချက်ချင်းရေလောင်းပါ။ ဆီးနှင်းထူထပ်သောအခါတွင် သစ်ခက်သစ်ရွက်ဆွေးအလွှာက ပန်းဥများကို ကာကွယ်ပေးပြီး မြေကြီးခြောက်သွားခြင်းမှလည်း ကာကွယ်ပေးသည်။ အစို့ထွက်လာသည်ကို တွေ့လိုက်သည်နှင့် နွေဦးပေါက်ရာသီတွင် သစ်ခက်သစ်ရွက်ဆွေးများကို ဖယ်လိုက်ပါ။
ပွင့်ချပ်များညှိုးသွားသောအခါ ပန်းခေါင်းကို ဖြတ်လိုက်ပါ; ထိုသို့မဖြတ်ပါက အပင်များက အစေ့များသို့သွားကာ နောက်နှစ်ရှင်သန်ကြီးထွားဖို့ လိုအပ်သည့် ပန်းဥအတွက်အစာကို စားပစ်လိုက်လိမ့်မည်။ အရွက်များ သဘာဝအလျောက် ညှိုးသွားသည်အထိထားကာ အရွက်များဝါလာသည့်အချိန်တွင် ယင်းတို့ကို ဖယ်လိုက်ပါ။
နေရာအနှံ့ သောင်းပြောင်းထွေလာမစိုက်ဘဲ အခင်းလိုက် ပန်းဥအမျိုးအစားအလိုက်၊ အသွေးအရောင်အမျိုးအလိုက် စိုက်ပါ။ ဤနည်းက သင့်အတွက် ထင်းနေသောအရောင်ကွက်များကို ဖန်တီးပေးပြီး ပန်းပွင့်ဖြင့်ဖော်ထားသော အပြောင်မြောက်ဆုံးလက်ရာကို အပြည့်အဝခံစားရစေသည်။—အပြည်ပြည်ဆိုင်ရာ ပန်းဥဗဟိုဌာန၊ ဟော်လန်/နေရှင်နယ် ဂျီအော်ဂရပ်ဖစ်။
[Picture Credit Lines on page 13]
Page 16 bottom: Nederlands Bureau voor Toerisme; Top left, center, and top right: Internationaal Bloembollen Centrum, Holland; Page 17 bottom: Nederlands Bureau voor Toerisme/Capital Press