စကားထစ်သည့် စိုးရွံ့မှုကို နားလည်ခြင်း
စကားပြောသွက်လက်သူနှင့် စကားထစ်မည်စိုးရိမ်နေသူတို့ကို ခွဲခြားသိမြင်နိုင်သလော။ ‘သိတာပေါ့’ ဟုသင်ဖြေပေမည်။ သို့သော် အာဖရိကန်စ်ဘာသာစကားဖြင့် ပီတာလိုရေးသော ဟဟဟပ်ကယ်လ် (စစစကားထစ်ခြင်း) စာအုပ်ပါအကြောင်းကို စဉ်းစားဆင်ခြင်ကြည့်ပါ– “မသိမသာစကားထစ်သူ၊ သို့မဟုတ် နည်းအမျိုးမျိုးဖြင့်စကားထစ်ခြင်းကိုဖုံးကွယ်နိုင်သူဆယ်ဦးလျှင် ‘မဖုံးကွယ်နိုင်သူ’ တစ်ဦးရှိသည်။” စကားထစ်ခြင်းကို မည်သို့ဖုံးကွယ်နိုင်မည်နည်း။
စကားထစ်သူအချို့သည် ယခင်က သူတို့ထစ်တတ်သည့်စကားလုံးများကို မှတ်ထားခြင်းဖြင့် စကားထစ်ခြင်းကို ဖုံးကွယ်တတ်ကြသည်။ ထို့နောက် ထိုစကားလုံးကိုပြောဆိုမည့်အစား ဝါကျကို ပြုပြင်ပြောဆိုသည်၊ သို့မဟုတ် အဓိပ္ပာယ်ဆင်တူသည့် အခြားစကားလုံးကိုအသုံးပြုတတ်ကြသည်။ လင်သားတစ်ဦးသည် အိမ်ထောင်သက် ၁၉ နှစ်လုံးလုံး မိမိ၏စကားထစ်ခြင်းကိုဖုံးကွယ်ထားခဲ့သည်။ သူ၏ဇနီးသည် အမှန်ကိုသိသောအခါ စကားပြောကုထုံးပညာရှင်တစ်ဦးကို ဤသို့မေးခဲ့သည်– “ကျွန်မခင်ပွန်းဟာ ကျွန်မကိုပဲတယ်လီဖုန်းဆက်ခိုင်းတာ၊ စားသောက်ဆိုင်တွေမှာ ကျွန်မကပဲမှာရတာ၊ အစည်းအဝေးတွေမှာ အဖြေမပေးတာ . . . အဲ့ဒါကြောင့်ပဲဖြစ်မယ်ထင်သလား။”
တောင်အာဖရိကမှမောင်နှံစုံဂဲရဒ်နှင့် မာရီးယားတို့ကိုလည်း သုံးသပ်ကြည့်ပါ။a မကြာခဏပင် မာရီးယားသည် သူစကားထစ်မည်ကိုစိုးရိမ်ခြင်းကြောင့် ကျမ်းစာသင်အံမှုပြုသည့်အစည်းအဝေးများတွင် အဖြေမပေးခဲ့ခြင်းဖြစ်ကြောင်း သူ၏ခင်ပွန်းကို ကြိုးစားရှင်းပြခဲ့သည်။ “ပေါက်ကရတွေ၊ မင်းဟာစကားထစ်တဲ့သူမှမဟုတ်တာ” ဟု သူမခင်ပွန်းက ပြန်ပြောတတ်သည်။ ဂဲရဒ်သည် သူ့ဇနီး၏စကားများတတ်ပုံကိုကြည့်ပြီး ဆုံးဖြတ်ပြောဆိုခဲ့ခြင်းဖြစ်သည်။ စကားပြောဆိုရသည့်အခြေအနေအချို့ကသာ သူမအား စကားထစ်မည်ကိုစိုးရိမ်စေသည်။ ယင်းကို သူတို့၏အိမ်ထောင်သက်ငါးနှစ်ပြည့်ပြီးနောက်၌သာ ပထမဆုံးအကြိမ် ဂဲရဒ်သတိပြုမိခဲ့ပြီး ဤသို့ဝန်ခံခဲ့သည်– “ကျွန်တော်ဟာ အလိုက်မသိတတ်တဲ့မညှာတာတတ်သူဖြစ်မိခဲ့တယ်ဗျာ။” ယခုဆိုလျှင် သူမကိုအပြစ်ဆိုမည့်အစား လူအုပ်ရှေ့တွင် သူ ရဲဆေးတင်စကားပြောဆိုတိုင်း သူမကိုချီးမွမ်းပေးသည်။
စကားထစ်သူများစွာသည် “များသောအားဖြင့် အလွန်အမင်းစိုးရိမ်ခြင်း . . . တစ်ခါတစ်ရံ စိတ်အနှောင့်အယှက်အမြဲဖြစ်နေခြင်း” ၏နှိပ်စက်မှုကိုခံကြရသည်မှာ နားလည်နိုင်ဖွယ်ရှိ၏ဟု စကားထစ်သူ ဒေးဗစ် ကွမ်တန်က သူရေးသားခဲ့သည့် စကားထစ်ခြင်းစာအုပ်တွင်ဖော်ပြထားသည်။ “စကားထစ်သူသည် သူ၏စိတ်ထိခိုက်ခံရနိုင်ဆုံးအချိန်၊ လူလူချင်းဆက်သွယ်ရန် အလိုအပ်ဆုံးအချိန်၊ အာလာပသလ္လာပ၊ သို့မဟုတ် အတွင်းရေးစကားဖြင့် လူတို့စိတ်ကိုထိမိရန်ကြိုးစားနေချိန်၊ ဤအချိန်အခါမျိုးတွင် စိတ်ထိခိုက်ခံရမည်၊ ကဲ့ရဲ့ခံရမည်ဟု စိုးရိမ်တတ်သည်။ . . . ယင်းကိုအောင်မြင်စွာဖြေရှင်းနိုင်သူများပင် စိုးရိမ်စိတ်၏ချုပ်ကိုင်မှုကို ခံခဲ့ကြရကြောင်း ယင်းသည်ဘယ်သောအခါမျှပျောက်ပျက်သွားသည်မရှိကြောင်း ဝန်ခံကြသည်။”
စိုးရိမ်စိတ်ဖြစ်ပေါ်စေနိုင်သည့် အခြေအနေများ
စကားထစ်သူတစ်ဦးသည် ကျောင်းစာသင်ခန်း၊ စီးပွားရေးလုပ်ငန်းအစည်းအဝေး သို့မဟုတ် ဘာသာရေးအစည်းအဝေးကဲ့သို့သောနေရာတစ်ခုရှိ ပရိသတ်ရှေ့တွင် မေးခွန်းတစ်ခုကိုဖြေဆိုရန် အကြောင်းပေါ်လာလျှင် စိုးရိမ်စိတ်ကြောင့် အကြီးအကျယ်စကားထစ်သွားပေမည်။ ရေဒီယိုမေးမြန်းခန်းတစ်ခုတွင် တောင်အာဖရိကမှစကားထစ်သူ အသက် ၁၅ နှစ်အရွယ်ရှိရိုစန်ကို “တိတ်တိတ်လေးနေတာက ပိုကောင်းတယ်လို့ထင်သလား” ဟုမေးခဲ့သည်။ သူက “ဥပမာအနေနဲ့ တစ်ခါတလေ ကျောင်းစာသင်ခန်းမှာ ကျွန်မအမှတ်ရမယ့်အဖြေကိုသိထားပေမဲ့ စကားထွက်လာဖို့ကမလွယ်ဘူး” ဟုဖြေခဲ့သည်။
အထက်ဖော်ပြပါရေဒီယိုအစီအစဉ်တွင် စီးပွားရေးသမားတစ်ဦးဖြစ်သူ စိုင်မွန်ကိုလည်း မေးမြန်းခဲ့သည်။ ရိုစန်ကဲ့သို့ စိုင်မွန်သည် စကားပြောလေ့ကျင့်မှုဖြင့် တိုးတက်လာပြီဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ သူသည်အတော်စကားထစ်ဆဲရှိသည်။ ပရိသတ်၏သဘောထားပေါ်မူတည်ပြီး ယင်းသို့ဖြစ်လာတတ်သည်။ “ဘုတ်အဖွဲ့စည်းဝေးပွဲမှာစကားအတော်ပြောရပြီး ပြောဆိုဖို့လည်းအခက်အခဲတွေ့နေရရင် စည်းဝေးထိုင်တဲ့သူတွေက အရမ်းစိတ်တိုတတ်တယ်” ဟုသူရှင်းပြခဲ့သည်။
စကားထစ်သူတစ်ဦး၏ကြောက်စိတ်နှင့် လူစိမ်းများရှေ့တွင်စကားပြောရန် ရှက်တတ်သူတစ်ဦး၏ကြောက်စိတ်ကို မမှားသင့်ပါ။ ဥပမာ၊ လွန်ခဲ့သောနှစ်နှစ်လုံးလုံး ယေဟောဝါသက်သေများ၏အစည်းအဝေးများကို တက်ရောက်ခဲ့သည့် လီဆာကိုသုံးသပ်ကြည့်ပါ။ သူသည် မိတ်ဆွေများနှင့် အာလာပသလ္လာပစကားပြောဆိုသည့်အခါ များသောအားဖြင့် အတော်သွက်သွက်လက်လက်ပြောဆိုလေ့ရှိသည်။ လူစိမ်းများကမဖိတ်ခေါ်ဘဲ သူတို့ထံချဉ်းကပ်ရန်လိုသော သတင်းကောင်းဟောပြောခြင်းလုပ်ငန်းတွင်လည်း ဇွဲရှိရှိသူပါဝင်သည်။ သို့ရာတွင် စကားထစ်သူများစွာနည်းတူ သူသည် လူထုရှေ့စကားမပြောဆိုဝံ့ပါ။ လီဆာက ဤသို့ရှင်းပြသည်– “စည်းဝေးတွေမှာ ကျွန်မလက်ထောင်ပြီးအဖြေပေးတာ အရမ်းနည်းတယ်။ ကျွန်မအဖြေပေးခဲ့ရင်လည်း စကားလုံးတစ်လုံး ဒါမှမဟုတ် စာကြောင်းတိုကလေးတစ်ခုပဲဖြစ်တယ်။ ကျွန်မဖြေလိုက်တာက စကားလုံးနည်းနည်းပဲဖြစ်ပေမဲ့ ကျွန်မအတွက် အစွမ်းကုန်ပါပဲ။ ကျွန်မအမြဲကြိုတင်ပြင်ဆင်တဲ့အတွက် အဖြေတွေကိုကျွန်မသိပြီး နှုတ်ခမ်းဖျားပေါ်ရှိပေမဲ့ ပါးစပ်ကလုံးဝမထွက်ဘူး။”
စကားထစ်သူအချို့အတွက် ပိုဆိုးသည်မှာ အသံထွက်စာဖတ်ရခြင်းဖြစ်သည်။ ယင်းက သူတို့ခါတိုင်းရှောင်လေ့ရှိသော စကားလုံးများကို မဖြစ်မနေဖတ်ရတော့သည်။ “ကျွန်မတို့ရဲ့စည်းဝေးတစ်ခုမှာ တစ်ခါတလေ ဆွေးနွေးနေကြတဲ့ကျမ်းချက်တွေကို အလှည့်ကျဖတ်ရတယ်။ အဲ့ဒီလိုအချိန်အခါမျိုးမှာ ကျွန်မအလှည့်ကိုစောင့်နေရင်း နေမထိထိုင်မသာဖြစ်နေပြီး ကျမ်းချက်ကိုဖတ်နိုင်ပါ့မလားလို့ စိုးရိမ်နေတတ်တယ်။ တစ်ခါတလေ ကျွန်မဖတ်ပေမဲ့ တချို့စကားလုံးတွေကို အသံမထွက်နိုင်ဘူး။ ဒါကြောင့် အဲ့ဒီစကားလုံးကိုကျော်ပြီးဆက်ဖတ်တော့တယ်” ဟုလီဆာဆက်ပြောပြသည်။
ရှင်းနေသည်ကား စကားထစ်သူတစ်ဦးကို အသံကျယ်ကျယ်ဖြင့် စာဖတ်ရန်အားမပေးမီ အသေအချာစဉ်းစားရန်လိုသည်။ ထိုသို့ “အားပေးခြင်း” ကစကားထစ်သူကို ပိုစိုးရိမ်စေနိုင်သည်။ ယင်းအစား သူမသည် အတတ်နိုင်ဆုံးကြိုးစားခဲ့သည့်အတွက် သူ့ကိုလှိုက်လှဲစွာချီးမွမ်းပေးသင့်သည်။
ကြိုးစားအကူအညီပေးရာတွင်
စကားထစ်ခြင်းသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်သော ချို့ယွင်းမှုတစ်ခုဖြစ်သည်။ တစ်ဦးတစ်ယောက်အတွက် အကူအညီဖြစ်မည့်နည်းတစ်နည်းသည် အခြားတစ်ဦးအတွက် အကူအညီဖြစ်ချင်မှဖြစ်မည်။ အမှန်မှာ စကားထစ်သည့်အကျင့် အတန်ကြာ “ပျောက်” သွားသူများစွာသည် နောက်ပိုင်းတွင်ပြန်ဖြစ်သည်ကို တွေ့ရှိရသည်။ အခြားစကားပြောချို့ယွင်းမှုများထက် စကားထစ်ခြင်းကို ပိုမိုသုတေသနပြုခဲ့ပြီ။ သို့တိုင် ပညာရှင်များသည် အကြောင်းရင်းတစ်ခုခုကို မတွေ့ရှိခဲ့ကြပါ။ စကားထစ်စေသည့် အကြောင်းများစွာရှိမည်ကိုမူကား အများလက်ခံကြသည်။ မကြာသေးမီကလေ့လာထားသည့် သီအိုရီတစ်ခုအရ စကားထစ်သူ၏အစောပိုင်းအသက်တာတွင် ဦးနှောက်ဆဲလ်များဖွဲ့စည်းပုံ စည်းစနစ်မကျနခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။ ဒေါက်တာ သီအိုဒေါ ဂျေ ပီတာနှင့် ဘယ်ရီ ဂီတားတို့၏ စကားထစ်ခြင်း– ယင်း၏သဘာဝနှင့် ကုသနည်းကို ပေါင်းစည်းလေ့လာခြင်းစာအုပ်အရ “စကားထစ်ခြင်းနှင့်ပတ်သတ်၍ ကျွန်ုပ်တို့မသိရသေးသည့်အကြောင်းများကို အခြားလေ့လာမှုများဖြင့်ပညာဖြည့်စွက်ပေးစဉ်” ၎င်း၏အကြောင်းရင်းနှင့်ပတ်သက်၍ လက်ရှိရှုမြင်ချက်များသည် “ခေတ်နောက်ကျသွားလိမ့်မည်။”
စကားထစ်ရခြင်းအကြောင်း အနည်းငယ်သာသိထားခြင်းကြောင့် ဤချို့ယွင်းမှုရှိသူများကို ကုသနည်းများစွာအနက် တစ်ခုကိုအကြံပြုလိုလျှင် သတိထားသင့်သည်။ အထက်ပါပြဋ္ဌာန်းစာအုပ်တွင် ဤသို့ဆက်၍ဆိုထားသည်– “အလွန့်အလွန်စကားထစ်သူအများစုသည် အနည်းအကျဉ်းသာပြန်ကောင်းလာနိုင်သည်။ ဖြည်းဖြည်းစကားပြောတတ်လာလိမ့်မည်၊ သို့မဟုတ် စကားအလွန့်အလွန်မထစ်တော့ဘဲ ယင်းကြောင့်လည်း အလွန်စိတ်အနှောင့်အယှက်ဖြစ်တော့မည်မဟုတ်ပေ။ . . . ကျွန်ုပ်တို့နားမလည်နိုင်သည့်အကြောင်းအချို့ကြောင့် စကားထစ်သူအနည်းငယ်သည် ကုသမှုခံချိန်တွင် သိသိသာသာပြောင်းလဲသည်ကိုမတွေ့ရပါ။”b
ကုသမှုမအောင်မြင်သည့်အခါ ကုထုံးပညာရှင်အချို့က စကားထစ်သူသည် ကြိုးစားသင့်သလောက်မကြိုးစားခဲ့ပါဟူ၍ အပြစ်တင်ကြသည်။ တစ်ဦးက ဤသို့အခိုင်အမာပြောခဲ့သည်– “မအောင်မြင်ရသည့် ဖြစ်နိုင်စရာအကြောင်းတစ်ခုတည်းမှာ စကားထစ်သူသည် စိတ်မပါ့တပါကြိုးစားခြင်းကြောင့်ဖြစ်သည်။” ယင်းသို့သောအဆိုပြုချက်များနှင့်ပတ်သက်၍ စာရေးဆရာ ဒေးဗစ် ကွမ်တန်က ဤသို့ပြောခဲ့သည်– “အဲ့ဒီလိုစကားမျိုးဟာ စကားထစ်သူတွေအတွက် ဘယ်လောက်စိတ်ဆိုးစရာဖြစ်စေတယ်ဆိုတာကို ကျွန်တော်မဖော်ပြတတ်ဘူး။ သူတို့စိတ်ဆိုးရတဲ့ပထမအချက်က အဲ့ဒီအယူအဆမှားတယ်ဆိုတာ ထင်ရှားနေလို့ဖြစ်တယ်။ တစ်ခုသောကုထုံးဟာ စကားထစ်သူအားလုံးအတွက် မထိရောက်နိုင်ဘူး။ စကားထစ်သူတစ်ယောက်အတွက် ကောင်းတဲ့တစ်စုံတစ်ရာသောကုထုံးတောင် မမှားယွင်းနိုင်ဘူးလို့မဆိုနိုင်ဘူး။ ဒုတိယကတော့ စကားထစ်သူတွေဟာ မအောင်မြင်မှုနဲ့ပဲအသက်ရှင်ကြရရှာတယ်၊ . . . [သူတို့ရဲ့မအောင်မြင်မှုကို] မလိုအပ်ဘဲ၊ မတော်မတရားတိုးပွားစေတဲ့ဘာမဆိုဟာ အပြစ်တင်ထိုက်တဲ့လုပ်ရပ်ဖြစ်တယ်။
သူတို့၏ဝန်ထုပ်ဝန်ပိုးကို ပေါ့ပါးစေခြင်း
စကားထစ်သူများသည် အများအားဖြင့် သနားခံရသူများမဖြစ်လိုကြပါ။ သို့ရာတွင် သူတို့၏ဝန်ထုပ်ဝန်ပိုးကို ပေါ့ပါးစေရန် များစွာပြုလုပ်ပေးနိုင်သည်။ သူတို့စကားထစ်နေသည့်အခါ စိတ်ကသိကအောက်ဖြစ်ပြီး မျက်နှာမလွှဲလိုက်ပါနှင့်။ သူတို့၏ပါးစပ်ကိုကြည့်မည့်အစား မျက်လုံးကိုကြည့်ပါ။ သူတို့သည် များသောအားဖြင့် နားထောင်သူများ၏ ကိုယ်အမူအရာကို အကဲဆတ်လေ့ရှိကြသည်။ သင်သည် သက်သောင့်သက်သာရှိမည်ဆိုလျှင် သူတို့၏စိုးရိမ်မှုများကို လျော့နည်းသွားစေပေမည်။ “သင်သည် အခြားမည်သူမဆိုစကားပြောသည့်အခါ နားထောင်ရန်အသင့်ရှိသကဲ့သို့ သူ၏စကားကိုလည်း နားထောင်ရန်အသင့်ရှိကြောင်းတင်ပြပါ” ဟုစကားပြောကုထုံးပညာရှင်တစ်ဦးကပြောခဲ့သည်။
မိမိ၏ကျောင်းသားများထဲတွင် စကားထစ်သူရှိပါက ဆရာ၊ ဆရာမများသည် သူတို့၏စိုးရိမ်မှုများကိုသက်သာစေရန် များစွာကူညီပေးနိုင်သည်။ တောင်အာဖရိကမှ ပညာရေးဂျာနယ် ဒီးနီးတွင် ဆရာ၊ ဆရာမများအတွက် အောက်ပါအကြံပေးချက်ကို ပေးခဲ့သည်– “နားထောင်နေသူသည် သွက်လက်စွာစကားပြောဆိုခြင်းကို မမျှော်လင့်ကြောင်း စကားထစ်သူအများကသိသည့်အခါ စကားထစ်ခြင်းလျော့နည်းသွားသည်။”
အထက်ပါဂျာနယ်၏အဆိုအရ ဆရာတစ်ဦးသည် ကျောင်းသား၏ခံစားချက်ကိုသိရန်လည်း အရေးကြီးသည်။ မိမိစိတ်ကသိကအောက်ဖြစ်သည့်အတွက် ထိုကျောင်းသားများကိုရှောင်မည့်အစား ဆရာဆရာမများသည် သူတို့နှင့်စကားပြောဆိုပြီး သူတို့၏အခက်အခဲနှင့်ပတ်သက်၍ သူတို့၏ခံစားချက်များကိုဖော်ပြရန်အားပေးဖို့ အကြံပြုထားသည်။ ထိုသို့အားဖြင့် ကျောင်းသားသည် စကားပြောဆိုရသည့် အဘယ်အချိန်အခါမျိုးကို အကြောက်ဆုံးဖြစ်ကြောင်း ဆရာသိရှိနိုင်သည်။ “သူစကားပြောသွက်လက်လာဖို့ သင့်အပေါ် ၈၀ ရာခိုင်နှုန်းမူတည်နေသည်” ဟုဂျာနယ်ကဖော်ပြသည်။ သူ့တွင်အခက်အခဲရှိသည့်တိုင် သူ့အားလက်ခံသည်ကိုသိထားလျှင် စကားပြောသွက်လက်လာလိမ့်မည်။ ထိုဂျာနယ်တွင် ဆက်၍ဤသို့ရှင်းပြထားသည်– “စာသင်ယူခြင်းကိုအဓိကထားသည့် သက်သောင့်သက်သာရှိစာသင်ခန်းဖြစ်မည်ဆိုလျှင် စကားထစ်သူအတွက်သာမက အတန်းထဲရှိသူအားလုံးအတွက် အကျိုးရှိလိမ့်မည်။”
လူကြီးများကိုသင်ကြားခြင်းနှင့်ပတ်သက်၍လည်း ထိုအကြံပေးချက်ကို အောင်မြင်စွာပြုပြင်ပြောင်းလဲအသုံးပြုနိုင်ပါသည်။
ကျွန်ုပ်တို့၏ဖန်ဆင်းရှင် နားလည်သည်
ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သည် လူသားများ၏မစုံလင်မှုကို အပြည့်အဝနားလည်တော်မူသည်။ ကိုယ်တော်သည် ဣသရေလလူတို့ကို အီဂျစ်ပြည်မှခေါ်ဆောင်သွားရန် မိမိ၏ပြောရေးဆိုခွင့်ရှိသူအဖြစ် မောရှေအားခန့်အပ်ခဲ့သည်။ မောရှေမှာ စကားပြောဆိုရာ၌အခက်အခဲရှိကြောင်းကို ကိုယ်တော်ကောင်းစွာသိလျက်နှင့် ထိုသို့ပြုခဲ့ခြင်းဖြစ်သည်။ မောရှေ၏အစ်ကိုအာရုန်မူကား စကားပြောသွက်လက်သူဖြစ်ကြောင်းကိုလည်း ဘုရားသခင်သိတော်မူခဲ့သည်။ “သူသည်ကောင်းမွန်စွာပြောတတ်သည်ကို ငါသိ၏” ဟုဘုရားသခင်မိန့်တော်မူခဲ့သည်။ (ထွက်မြောက်ရာ ၄:၁၄) သို့ရာတွင် မောရှေ၌ အခြားပို၍အရေးကြီးသည့် သစ္စာစောင့်သိခြင်း၊ ကြင်နာခြင်း၊ ယုံကြည်ခြင်းနှင့် နူးညံသိမ်မွေ့ခြင်းအစရှိသည့်အရည်အချင်းများရှိသည်။ (တောလည်ရာ ၁၂:၃; ဟေဗြဲ ၁၁:၂၄၊ ၂၅) မောရှေကငြင်းဆိုခဲ့သော်လည်း ဘုရားသခင်သည် မိမိလူမျိုး၏ခေါင်းဆောင်အဖြစ် မောရှေကိုရွေးချယ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အာရုန်ကို မောရှေ၏ပြောရေးဆိုခွင့်ရှိသူအနေနှင့် ခန့်အပ်ထားခြင်းဖြင့် မောရှေ၏စိုးရိမ်မှုကို ဘုရားသခင်အသိအမှတ်ပြုခဲ့သည်။—ထွက်မြောက်ရာ ၄:၁၀-၁၇။
ကျွန်ုပ်တို့သည် နားလည်မှုတင်ပြခြင်းဖြင့် ဘုရားသခင်ကိုအတုယူနိုင်သည်။ စကားထစ်သူများကို ဂုဏ်သိက္ခာရှိရှိဆက်ဆံပါ၊ သူတို့၏ချို့ယွင်းမှုကြောင့် လူတစ်ဦး၏အမှန်တန်ဖိုးကိုမမြင်ဘဲမနေပါနှင့်။ ယင်းကိုသရုပ်ဖော်သည်ကား မိန်းမငယ်လေးနှင့် စကားထစ်တတ်သည့်သူ၏ဖခင်တို့အကြောင်းဖြစ်သည်။ ဖခင်သည် ပိုမိုသွက်လက်စွာဖတ်နည်းတစ်နည်းကို တတ်မြောက်ခဲ့သည်။ တစ်ညနေခင်းတွင် သူ၏ခြောက်နှစ်သမီးလေးကို ပုံပြင်တစ်ခုဖတ်ပြစဉ် ယင်းကိုလေ့ကျင့်ခဲ့ရာ မိမိ၏သွက်လက်မှုကို ကျေနပ်နေမိသည်။
အဖေဖတ်ပြီးသောအခါ သူက “ဖေဖေ ကောင်းကောင်းဖတ်လေ” ဟုပြောခဲ့သည်။
“ဖေဖေကောင်းကောင်းဖတ်ပြနေတာပဲ” ဟုမခံချင်စိတ်နှင့်ပြန်ဖြေခဲ့သည်။
“အဲ့ဒီလိုမဟုတ်ဘူးလေ။ ဖေဖေအမြဲဖတ်သလိုဖတ်ပြပါ” ဟုသူမတောင်းဆိုခဲ့သည်။
မှန်ပါသည်၊ ဤကလေးမလေးသည် ဖခင်ကိုအရှိအတိုင်းချစ်သည်။ ထို့ကြောင့် နောက်တစ်ကြိမ် စကားထစ်သူတစ်ဦးနှင့်ပြောဆိုဆက်ဆံရသော် ထိုသူတွင်တန်ဖိုးရှိအကြံအစည်များနှင့် နှစ်သက်ဖွယ်သောအရည်အသွေးများရှိနိုင်ကြောင်းကို သတိရပါ။ သူ့တွင် ခံစားချက်များ အမှန်ပင်ရှိသည်။ စိတ်ရှည်ပြီး နားလည်မှုတင်ပြပါ။
[အောက်ခြေမှတ်ချက်များ]
a ဤဆောင်းပါးတွင် နာမည်အချို့ကို ပြောင်းထားသည်။
b လူကြီးများထက် ကလေးများအတွက် ရောဂါခန့်မှန်းချက်ပိုကောင်းသည်။ အတွေ့အကြုံရှိ စကားပြောကုထုံးပညာရှင် အဲန်း အာဝင်က သူမရေးသော ကလေးငယ်များတွင်စကားထစ်ခြင်း စာအုပ်တွင် ဤသို့ရှင်းပြထားသည်– “ကလေးလေးယောက်အနက် သုံးယောက်သည် ကြီးပြင်းလာသည့်အခါ အလိုအလျောက် စကားမထစ်တော့ပါ။ သင်၏ကလေးသည် ကြီးပြင်းလာသည်နှင့် သူ့အလိုအလျောက်စကားထစ်ခြင်းမပျောက်သူ နှစ်ဆယ့်ငါးရာခိုင်နှုန်းခန့်တွင်ပါဝင်ပါက ကာကွယ်ရေးကုထုံးဖြင့် တဖြည်းဖြည်းပျောက်သွားနိုင်စရာအကြောင်းရှိသည်”။
[စာမျက်နှာ ၁၇ ပါပုံစာ]
စကားထစ်သူတစ်ဦးသည် လူအများကြားတွင်စကားပြောရန် ကြောက်ရွံ့ပေမည်
[စာမျက်နှာ ၁၈ ပါပုံစာ]
စကားထစ်သူတစ်ဦးသည် သင်နှင့်စကားပြောဆိုနေစဉ် အခက်အခဲတွေ့နေပါက စိတ်ရှည်ပါ
[စာမျက်နှာ ၁၉ ပါပုံစာ]
စကားထစ်သူများသည် များသောအားဖြင့် တယ်လီဖုန်းကို စိုးရွံ့ ကြသည်