ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bsi02-2 စာ. ၁၃-၁၅
  • ကျမ်းစာစောင် နံပါတ် ၃၃​—မိက္ခာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာစောင် နံပါတ် ၃၃​—မိက္ခာ
  • ကျမ်းတစ်ကျမ်းလုံး—စစ်မှန်ပြီးအကျိုးပြု အတွဲ ၁၀ (ယောလ—မာလခိ)
  • ခေါင်းစ‎ဥ်ငယ်များ
  • အဘယ်ကြောင့်အကျိုးရှိကြောင်း
ကျမ်းတစ်ကျမ်းလုံး—စစ်မှန်ပြီးအကျိုးပြု အတွဲ ၁၀ (ယောလ—မာလခိ)
bsi02-2 စာ. ၁၃-၁၅

ကျမ်းစာစောင် နံပါတ် ၃၃​—မိက္ခာ

ကျမ်းရေးသူ– မိက္ခာ

ရေးရာဒေသ– ယုဒ

ရေးသားပြီးစီးချိန်– ဘီ.စီ.အီး. ၇၁၇ မတိုင်မီ

ငုံမိသည့်ကာလ– ဘီ.စီ.အီး. ၇၇၇ ခန့်–၇၁၇

၁။ မိက္ခာသည် မည်ကဲ့သို့သောသူဖြစ်သနည်း။

ယေဟောဝါ၏အမှုတော်တွင် နှစ်ပေါင်းများစွာ သစ္စာရှိရှိအမှုဆောင်ခဲ့သော ရင့်ကျက်သူတစ်ဦးကို စဉ်းစားကြည့်ပါ။ နိုင်ငံကိုအုပ်ချုပ်သည့်မင်းများအား “သုစရိုက်ကိုမုန်း၍ ဒုစရိုက်ကိုနှစ်သက်လျက် . . . ငါ့လူတို့၏အသားကိုစားလျက်၊ အရေကိုခွာ” သောသူများဟု သတ္တိရှိရှိပြောဆိုဝံ့သူကို စဉ်းစားကြည့်ပါ။ မိမိ၏တန်ခိုးပါသည့်စကားများအတွက် ယေဟောဝါကိုသာ အလုံးစုံဂုဏ်တင်သည့် ယေဟောဝါ၏ဝိညာဉ်တော်အားဖြင့်ဟောပြောသော နှိမ့်ချသူတစ်ဦးကို စဉ်းစားကြည့်ပါ။ ထိုကဲ့သို့သောသူတစ်ဦးနှင့် သိကျွမ်းလိုသည်မဟုတ်ပေလော။ သူ့ထံမှ ဗဟုသုတများစွာနှင့် ဆုံးမစကားများရရှိနိုင်သည်! ပရောဖက်မိက္ခာသည် ထိုသို့သောသူပင်ဖြစ်သည်။ သူ့နာမည်ဖြင့်သမုတ်ထားသောကျမ်းထဲမှ လက်ရွေးစင်ဆုံးမစကားများကို ကျွန်ုပ်တို့ရရှိနေဆဲဖြစ်သည်။—မိ. ၃:၂၊ ၃၊ ၈။

၂။ မိက္ခာ၊ သူပရောဖက်ပြုသည့် အချိန်ကာလနှင့်ပတ်သက်၍ အဘယ်အရာသိရသနည်း။

၂ အခြားပရောဖက်များစွာကဲ့သို့ပင် မိက္ခာကိုယ်နှိုက်၏အကြောင်းကို သူ၏ကျမ်းတွင်မဆိုစလောက်သာ ဖော်ပြထား၏၊ အရေးကြီးသည်မှာ သတင်းစကားတည်း။ မိက္ခာ (Micah) သည် (“မည်သူသည် ဘုရားသခင်နှင့်တူသနည်း” ဟုအဓိပ္ပာယ်ရှိသော) မိက္ခေလ သို့မဟုတ် (“မည်သူသည် ယေဟောဝါနှင့်တူသနည်း” ဟုအဓိပ္ပာယ်ရှိသော) မိက္ခာယ (Micaiah) ၏အတိုကောက်ပုံစံဖြစ်သည်။ သူသည် ယောသံ၊ အာခတ်နှင့် ဟေဇကိအုပ်ချုပ်ချိန် (ဘီ.စီ.အီး. ၇၇၇-၇၁၇) အတွင်း ပရောဖက်အဖြစ်အမှုထမ်းခဲ့ပြီး ပရောဖက်ဟေရှာယ၊ ဟောရှေတို့နှင့် တစ်ခေတ်တည်းသားဖြစ်သည်။ (ဟေရှာ. ၁:၁; ဟော. ၁:၁) သူပရောဖက်ပြုခဲ့သည့် အချိန်ကာလအတိအကျသည် မသေချာချေ၊ သို့သော် အလွန်ဆုံးအနှစ် ၆၀ ဖြစ်သည်။ ရှမာရိမြို့ပျက်စီးခြင်းနှင့်ပတ်သက်သော သူ၏ပရောဖက်ပြုချက်များသည် ရှမာရိမြို့ပျက်စီးခဲ့သည့် ဘီ.စီ.အီး. ၇၄၀ မတိုင်မီကဟောခဲ့ခြင်းဖြစ်ရမည်ဖြစ်ပြီး ရေးသားချက်တစ်ခုလုံးကို ဟေဇကိနန်းသက်ဆုံးချိန် ဘီ.စီ.အီး. ၇၁၇ တွင်ပြီးစီးခဲ့ခြင်းဖြစ်ရမည်။ (မိ. ၁:၁) မိက္ခာသည် ယေရုရှလင်မြို့အနောက်တောင်ဘက် စိမ်းလန်းစိုပြေသော ရှဖေလာနယ် မောရရှရွာသား၊ ကျေးလက်ဒေသမှပရောဖက်ဖြစ်သည်။ သူ၏ကြေညာချက်များကို ထိမိစေရန်အသုံးပြုသည့်ဥပမာများက ကျေးလက်ဒေသလူနေမှုစရိုက်များနှင့် ရင်းနှီးမှုရှိကြောင်း ဖော်ပြသည်။—၂:၁၂; ၄:၁၂၊ ၁၃; ၆:၁၅; ၇:၁၊ ၄၊ ၁၄။

၃။ မိက္ခာသည် အဘယ်ထူးခြားသောအချိန်ကာလတွင် အမှုဆောင်ခဲ့သနည်း၊ ယေဟောဝါသည် ပရောဖက်အဖြစ် သူ့အားအဘယ်ကြောင့် တာဝန်ပေးခဲ့သနည်း။

၃ မိက္ခာသည် အန္တရာယ်များပြီး ထူးခြားသောအချိန်တွင် အသက်ရှင်ခဲ့သည်။ အဖြစ်အပျက်များ မြန်ဆန်နေခြင်းသည် ဣသရေလနှင့်ယုဒနိုင်ငံ ပျက်စီးခြင်းကိုနိမိတ်ပြခဲ့သည်။ ဣသရေလနိုင်ငံတွင် စာရိတ္တပျက်ပြားမှုနှင့် ရုပ်တုကိုးကွယ်မှုတို့ ဖြစ်ပျက်လျက်ရှိနေခဲ့ပြီး ၎င်းတို့ကြောင့် မိက္ခာအသက်ရှင်စဉ်အချိန်တွင် အာရှုရိ၏လက်ချက်ဖြင့် နိုင်ငံဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။ ယုဒနိုင်ငံတွင် ယောသံလက်ထက်၌ ကောင်းမှုများပြုလုပ်နေရာမှ အာခတ်၏ပုန်ကန်သောအုပ်ချုပ်ချိန်တွင် ဣသရေလ၏ဆိုးသွမ်းမှုအတိုင်း ထပ်တူလုပ်ဆောင်ခဲ့ပြီး ဟေဇကိအုပ်ချုပ်ချိန်တွင် ကောင်းမှုများကို တစ်ဖန်လုပ်ဆောင်လာကြပြန်သည်။ မိမိလူမျိုးအပေါ် ကိုယ်တော်ကျရောက်စေမည့်အရာများကို ပြင်းထန်စွာသတိပေးရန် မိက္ခာကို ယေဟောဝါပေါ်ထွန်းစေခဲ့သည်။ မိက္ခာ၏ပရောဖက်ပြုချက်များသည် ဟေရှာယနှင့် ဟောရှေတို့၏ပရောဖက်ပြုချက်တို့ကို ခိုင်လုံစေခဲ့သည်။—၄ ရာ. ၁၅:၃၂–၂၀:၂၁; ၆ ရာ. အခန်းကြီး ၂၇-၃၂; ဟေရှာ. ၇:၁၇; ဟော. ၈:၈; ၂ ကော. ၁၃:၁။

၄။ မိက္ခာကျမ်း၏ ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုကို အဘယ်အရာက သက်သေထူသနည်း။

၄ မိက္ခာကျမ်းသည် ကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်း အထောက်အထားများစွာရှိသည်။ ဂျူးတို့သည် ၎င်းကျမ်းကို ဟေဗြဲကျမ်းဂန်ဝင်အဖြစ် အမြဲလက်ခံခဲ့သည်။ ယေရမိ ၂၆:၁၈၊ ၁၉ တွင် မိက္ခာ၏စကားများကို ဤသို့တိုက်ရိုက်ဖော်ပြထား၏– “ဇိအုန်တောင်သည် လယ်ကဲ့သို့ထွန်ခြင်းကိုခံရလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း မြေပုံများဖြစ်လိမ့်မည်။” (မိ. ၃:၁၂) ဤပရောဖက်ပြုချက်သည် ယေရုရှလင်မြို့ကို ဗာဗုလုန်ဘုရင် ဖြိုဖျက် “ဖျက်ဆီး” သည့် ဘီ.စီ.အီး. ၆၀၇ တွင်အတိအကျပြည့်စုံခဲ့သည်။ (၆ ရာ. ၃၆:၁၉) ရှမာရိမြို့ကို “လယ်ပြင်၌ မြေပုံကဲ့သို့ . . . ဖြစ်စေမည်” ဟူသောပရောဖက်ပြုချက်သည်လည်း ထပ်တူပင်ပြည့်စုံခဲ့သည်။ (မိ. ၁:၆၊ ၇) မြောက်ပိုင်းနိုင်ငံမှ ဣသရေလလူများကို အာရှုရိတို့သည် သုံ့ပန်းအဖြစ်ခေါ်ဆောင်သွားချိန် ဘီ.စီ.အီး. ၇၄၀ တွင် ရှမာရိမြို့သည် သူတို့လက်ချက်ဖြင့် ပျက်စီးခဲ့သည်။ (၄ ရာ. ၁၇:၅၊ ၆) နောက်ပိုင်း ဘီ.စီ.အီး. လေးရာစုတွင် မဟာအလက်ဇန္ဒား၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး၊ ဘီ.စီ.အီး. ဒုတိယရာစုတွင် ပထမမြောက် ဂျွန် ဟိုင်ကန်နပ်စ်လက်အောက်ရှိ ဂျူးတို့၏လက်ချက်ဖြင့် သိမ်းရုံးဖျက်ဆီးခံခဲ့ရသည်။ ဤနောက်ဆုံးအကြိမ် ရှမာရိမြို့ဖျက်ဆီးခံရခြင်းနှင့်ပတ်သက်၍ ဝက်စမင်စတာ၏ကျမ်းစာအဘိဓာန်သစ်၊ ၁၉၇၀၊ စာမျက်နှာ ၈၂၂ တွင်ဤသို့ဆိုထား၏– “အောင်နိုင်သူတို့သည် တောင်ပေါ်တွင် ခိုင်ခံ့သောမြို့ကြီးတစ်မြို့ရှိခဲ့ဖူးသည့် အထောက်အထားတစ်ခုမျှ မကျန်ရစ်လေအောင်မြို့ကို အစတုံးဖျက်ဆီးခဲ့ကြသည်။”

၅။ ရှေးဟောင်းသုတေသနက မိက္ခာပရောဖက်ပြုချက်ပြည့်စုံမှုကို မည်သို့သက်သေထူသနည်း။

၅ ရှေးဟောင်းသုတေသနအထောက်အထားကလည်း မိက္ခာပရောဖက်ပြုချက်ပြည့်စုံမှုကို ထောက်ခံအတည်ပြုသည်။ အာရှုရိလက်ချက်ဖြင့် ရှမာရိမြို့ပျက်စီးကြောင်း အာရှုရိရာဇဝင်တွင် ဖော်ပြထားသည်။ ဥပမာ၊ အာရှုရိဘုရင်သာဂုန်က ဤသို့ကြွားဝါခဲ့၏– “ကျွန်ုပ်သည် ရှမာရိမြို့ကို ဝိုင်းရံတိုက်ခိုက်ပြီး အနိုင်ရခဲ့သည်။”a သို့ရာတွင် လုံးဝအနိုင်ယူသိမ်းပိုက်ခဲ့သူမှာ သာဂုန်ထက်အရင်ရှေ့ကျသူ ပဉ္စမမြောက် ရှာလမနေဇာဖြစ်နိုင်သည်။ ရှာလမနေဇာနှင့်ပတ်သက်၍ ဗာဗုလုန်ရာဇဝင်မှတ်တမ်းတွင် ဤသို့ဆိုထား၏– “သူသည် ရှမာရိမြို့ကို သိမ်းရုံးဖျက်ဆီးခဲ့သည်။”b မိက္ခာကြိုပြောခဲ့သည့်အတိုင်း ဟေဇကိမင်းလက်ထက် ယုဒပြည်ကျူးကျော်တိုက်ခိုက်ခံရကြောင်း သနာခရိပ် မှတ်တမ်းတင်ခဲ့သည်။ (မိ. ၁:၆၊ ၉; ၄ ရာ. ၁၈:၁၃) သူသည် လာခိရှမြို့အား အောင်နိုင်ခဲ့ပုံကို နိနေဝေမြို့ရှိ သူ၏နန်းတော်နံရံတွင် ရုပ်လုံးဖော်ပန်းချီလေးခုဖြင့် သရုပ်ဖော်ခဲ့သည်။ သူ၏ထုလုံးရှည်ပေါ်တွင် ဤသို့ရေးသားဖော်ပြထား၏– “ကျွန်ုပ်သည် သူ၏မြို့ ၄၆ မြို့ကိုဝိုင်းရံသိမ်းပိုက်ခဲ့သည်။ . . . (သူတို့ထဲမှ) လူပေါင်း ၂၀၀,၁၅၀ ကိုမောင်းထုတ်ခဲ့သည် . . .။ သူ့ကိုလည်း ယေရုရှလင်မြို့တွင် အကျဉ်းသားဘဝဖြင့်ထားခဲ့ပြီး သူ၏မင်းမျိုးမင်းနွယ်များကို လှောင်အိမ်ထဲမှ ငှက်ပမာ ဖြစ်စေခဲ့သည်။” သူ့အားဆက်သသော ဟေဇကိ၏လက်ဆောင်များကိုလည်း စာရင်းနှင့်ဖော်ပြပြီး လက်ဆောင်ပမာဏကို မတန်တဆချဲ့ကားဖော်ပြထားသည်။ သူ၏စစ်တပ်ကြုံခဲ့ရသည့် ဘေးဒုက္ခအကြောင်းကိုမူ မဖော်ပြချေ။c—၄ ရာ. ၁၈:၁၄-၁၆; ၁၉:၃၅။

၆။ မိက္ခာကျမ်းသည် ဝိညာဉ်တော်လှုံ့ဆော်မှုဖြင့်ရေးကြောင်း အဘယ်အရာက သံသယကင်းစေသနည်း။

၆ မေရှိယမွေးဖွားရာအရပ်ကို ကြိုပြောထားသည့် မိက္ခာ ၅:၂ ပါထူးခြားသောပရောဖက်ပြုချက်က မိက္ခာကျမ်းသည် ဝိညာဉ်တော်လှုံ့ဆော်မှုဖြင့်ရေးကြောင်း သံသယကင်းစေသည်။ (မ. ၂:၄-၆) ကျမ်းထဲတွင် ခရစ်ယာန်ဂရိကျမ်းစာစောင်များမှ ဖော်ပြချက်များနှင့် ဆင်တူသောစာပိုဒ်များလည်းရှိသည်။—မိ. ၇:၆၊ ၂၀; မ. ၁၀:၃၅၊ ၃၆; လု. ၁:၇၂၊ ၇၃။

၇။ မိက္ခာအသုံးပြုသော အသုံးအနှုန်း၏အစွမ်းထက်မှုနှင့်ပတ်သက်၍ အဘယ်အရာပြောနိုင်သနည်း။

၇ မိက္ခာသည် ယုဒကျေးလက်ဒေသမှဖြစ်နိုင်သော်လည်း မိမိပြောဆိုလိုသည့်အကြောင်းကို ရှင်းလင်းပီပြင်စွာထုတ်ဖော်နိုင်စွမ်းရှိသူဖြစ်သည်။ ဘုရားသခင့်နှုတ်ကပါဌ်စကားတော် ဘုရားသခင့်နှုတ်ကပါဌ်တော်ထဲမှ အကောင်းဆုံးအသုံးအနှုန်းအချို့ကို သူ၏ကျမ်းထဲတွင်တွေ့ရသည်။ အခန်းကြီး ၆ ကိုအချီအချစကားပြောအနေဖြင့် ပြောင်မြောက်စွာရေးသားထားသည်။ မိက္ခာသည် အကြောင်းအရာတစ်ခုမှ နောက်တစ်ခုသို့ လျင်မြန်စွာကူးပြောင်းဖော်ပြခြင်း၊ ကျိန်ခြင်းအကြောင်းပြောနေရာမှ ကောင်းချီးအကြောင်း ရုတ်ခြည်းကူးပြောင်းကာ ထိုမှတစ်ဖန် ကျိန်ခြင်းအကြောင်းပြန်ပြောခြင်းဖြင့် စာဖတ်သူ၏အာရုံကိုဖမ်းစားထားသည်။ (မိ. ၂:၁၀၊ ၁၂; ၃:၁၊ ၁၂; ၄:၁) ကွင်းကွင်းကွက်ကွက်မြင်သာစေသော ဥပစာအသုံးအနှုန်း များစွာပါရှိသည်– ယေဟောဝါကြွလာတော်မူသည့်အခါ “တောင်တို့သည် မီးရှေ့မှ ဖယောင်းကဲ့သို့လည်းကောင်း၊ မတ်စောက်သောနေရာမှထွက်သည့် ရေကဲ့သို့လည်းကောင်း ကိုယ်တော့်မျက်မှောက်တွင် အရည်ဖြစ်၍ ချိုင့်တို့သည်လည်း အက်ကွဲကြလိမ့်မည်။”—၁:၄၊ ကဘ; ၇:၁၇ ကိုလည်းရှု။

၈။ မိက္ခာကျမ်းပါ အပိုင်းသုံးပိုင်းစလုံးတွင် အဘယ်အရာပါရှိသနည်း။

၈ ဤကျမ်းကို အပိုင်းသုံးပိုင်းခွဲနိုင်သည်– အပိုင်းတစ်ပိုင်းစီကို “ကြားကြလော့” ဟူ၍အစပြုထားပြီး ပြစ်တင်ရှုတ်ချမှုများ၊ အပြစ်စီရင်မည့်သတိပေးချက်များနှင့် ကောင်းချီးပေးမည့်ကတိတော်များ ပါဝင်သည်။

အဘယ်ကြောင့်အကျိုးရှိကြောင်း

၁၆။ (က) မိက္ခာပရောဖက်ပြုချက်သည် ဟေဇကိခေတ်တွင် အကျိုးပြုခဲ့ကြောင်း မည်သို့သက်သေထူခဲ့သနည်း။ (ခ) ဤမျက်မှောက်အချိန်အတွက် အဘယ်ထိမိသောဆုံးမစကားများပါရှိသနည်း။

၁၆ လွန်ခဲ့သောနှစ်ပေါင်း ၂,၇၀၀ နီးပါးခန့်က မိက္ခာပရောဖက်ပြုချက်သည် ‘အပြစ်ဖော်ပြရာတွင်အကျိုးကျေးဇူး’ အပြုဆုံးဖြစ်ခဲ့ကြောင်း သက်သေထူခဲ့သည်၊ အကြောင်းမှာ ယုဒဘုရင်ဟေဇကိသည် သူ၏သတင်းစကားကိုလက်ခံပြီး ပြည်သူပြည်သားများအား နောင်တရရန်နှင့် ဘာသာရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် ဦးဆောင်ခဲ့၍ဖြစ်သည်။ (မိ. ၃:၉-၁၂; ယေ. ၂၆:၁၈၊ ၁၉; ၄ ရာ. ၁၈:၁-၄ နှိုင်းယှဉ်။) ယနေ့အချိန်တွင် ဤမှုတ်သွင်းခံပရောဖက်ပြုချက်သည် ပို၍ပင်အကျိုးပြုသည်။ ဘုရားသခင်ကို ကိုးကွယ်ပါသည်ဆိုသောသူအပေါင်းတို့ မှောက်မှားသောဘာသာ၊ ရုပ်တုကိုးကွယ်မှု၊ မုသာ၊ အကြမ်းဖက်မှုနှင့်ပတ်သက်သော မိက္ခာ၏သတိပေးချက်ကို ကြားကြလော့! (မိ. ၁:၂; ၃:၁; ၆:၁) ပေါလုက ၁ ကောရိန္သု ၆:၉-၁၁ ၌ခရစ်ယာန်စစ်များသည် ဆေးကြောသန့်ရှင်းခံပြီးဖြစ်ကာ ဘုရားသခင့်နိုင်ငံတော်ကို ခိုင်မာစေသည့် ထိုအကျင့်ဓလေ့များကို ရှောင်ရန်ပြောခြင်းဖြင့် ထိုသတိပေးချက်ကို အတည်ပြုထောက်ခံသည်။ မိက္ခာ ၆:၈ ၌ယေဟောဝါတောင်းဆိုသောအရာမှာ တရားသဖြင့်ကျင့်ခြင်း၊ ကရုဏာထားခြင်း၊ ကျိုးနွံခြင်းတို့ဖြင့် ကိုယ်တော်နှင့်အတူ လျှောက်လှမ်းခြင်းတို့ဖြစ်ကြောင်း ရိုးရိုးရှင်းရှင်းတင်ပြသည်။

၁၇။ နှိပ်စက်ညှဉ်းပန်းမှုနှင့် အခက်အခဲများအကြား ဘုရားသခင့်အမှုတော်ဆောင်သူများအား မိက္ခာမည်သို့အားပေးခဲ့သနည်း။

၁၇ ‘ကိုယ်အိမ်သူအိမ်သားတို့သည် ကိုယ်ရန်သူဖြစ်ခဲ့ကြ’ သည်အထိ စိတ်ဝမ်းကွဲပြားနေသောလူများအား သတင်းတရားကို မိက္ခာကြေညာခဲ့ရသည်။ ခရစ်ယာန်စစ်များလည်း အလားတူအခြေအနေမျိုး၌ ဟောပြောရလေ့ရှိသည်၊ အချို့သူတို့သည် မိသားစုဆွေမျိုးရင်းချာတို့၏ သစ္စာဖောက်မှု၊ ပြင်းထန်သောနှိပ်စက်ညှဉ်းပန်းမှုတို့ကိုပင် ရင်ဆိုင်ခဲ့ကြရသည်။ သူတို့သည် “ကယ်တင်တော်မူသော ဘုရားသခင်” ယေဟောဝါအား စိတ်ရှည်စွာ အစဉ်စောင့်မျှော်ရန် လိုအပ်၏။ (မိ. ၇:၆၊ ၇; မ. ၁၀:၂၁၊ ၃၅-၃၉) နှိပ်စက်ညှဉ်းပန်းခံရချိန် သို့မဟုတ် ခက်ခဲသောတာဝန်တစ်ခုကို ထမ်းဆောင်ရချိန်တွင် ယေဟောဝါအား သတ္တိရှိရှိယုံကြည်ကိုးစားသူတို့သည် သတင်းတော်ကို ကြေညာရာ၌ မိက္ခာကဲ့သို့ ‘ယေဟောဝါ၏ဝိညာဉ်တော်အားဖြင့် တန်ခိုးနှင့်ပြည့်စုံ’ ကြမည်ဖြစ်သည်။ အထူးသဖြင့် “ကျန်ကြွင်းသောယာကုပ်အမျိုးသားတို့” တွင်ယင်းသတ္တိမျိုးရှိမည်ဟု မိက္ခာပရောဖက်ပြုခဲ့သည်။ သူတို့သည် ‘တစ်ပါးအမျိုးသားများ၊ လူအများအလယ်တွင် ခြင်္သေ့ကဲ့သို့’ ဖြစ်ပြီး တစ်ချိန်တည်းတွင် ယေဟောဝါထံမှသက်ရောက်သော လန်းဆန်းစေသည့်နှင်းရည်၊ မိုးရေကဲ့သို့လည်း ဖြစ်ကြမည်။ ပထမရာစု ခရစ်ယာန်အသင်းတော်၏ အသင်းသားများဖြစ်လာကြသည့် ‘ဣသရေလ (ယာကုပ်) အမျိုးသားမှကျန်ကြွင်းသူ’ တို့၌ ထိုအရည်အချင်းများကို အမှန်ပင်အထင်အရှားတွေ့ခဲ့ရသည်။—မိ. ၃:၈; ၅:၇၊ ၈; ရော. ၉:၂၇; ၁၁:၅၊ ၂၆။

၁၈။ မိက္ခာ၏အဘယ်ပရောဖက်ပြုချက်သည် ယေရှုခရစ်အားဖြင့်အုပ်ချုပ်သည့် ဘုရားသခင့်နိုင်ငံတော်နှင့် ဆက်စပ်သနည်း။

၁၈ ဗက်လင်မြို့၌ ယေရှုဖွားမြင်မည်အကြောင်း မိက္ခာပရောဖက်ပြုချက်ပြည့်စုံခြင်းက ဤကျမ်းသည် ဘုရားသခင့်ဝိညာဉ်တော်လှုံ့ဆော်မှုဖြင့် ရေးသားသောကျမ်းဖြစ်ကြောင်း ထောက်ခံသည်သာမက အခန်းငယ်၏ရှေ့နောက်စကားများက ယေရှုခရစ်အုပ်စိုးမည့် ဘုရားသခင့်နိုင်ငံတော်တည်ထောင်ခြင်းဆိုင်ရာ ပရောဖက်ပြုချက်ဖြစ်ကြောင်း အလင်းဖြာပေးသည်။ ယေရှုသည် ဗက်လင်မြို့ (စပါးကျီ) တွင်ပေါ်ထွန်း၍ ကိုယ်တော်၏ယဇ်သကာကို ယုံကြည်ကျင့်သုံးသူအားလုံးအား အသက်ရှင်စေသော အကျိုးကျေးဇူးများဖြစ်စေသည်။ ကိုယ်တော်သည် “[ယေဟောဝါ] ၏အစွမ်းသတ္တိနှင့် . . . မိမိသိုးစုကိုကျွေးမွေးသူဖြစ်ကာ၊” ကြီးမြတ်သောသူဖြစ်လာပြီး မြေကြီးတစ်ခွင် ပြန်လည်စုသိမ်းထားသော စည်းလုံးသည့်ဘုရားသခင့်သိုးတော်စုကို ငြိမ်သက်ခြင်းပေးတော်မူသည်။—မိ. ၅:၂၊ ၄; ၂:၁၂; ယော. ၆:၃၃-၄၀။

၁၉။ (က) “နောက်ဆုံးသောကာလ” တွင်အသက်ရှင်နေရသူများအတွက် ယုံကြည်ခြင်းတိုးပွားစေသော အဘယ်အားပေးမှုပါရှိသနည်း။ (ခ) မိက္ခာသည် ယေဟောဝါ၏အချုပ်အခြာအာဏာကို မည်သို့ချီးမြှောက်ဂုဏ်တင်သနည်း။

၁၉ အထူးနှစ်မြို့ဖွယ်အားပေးမှုကို “နောက်ဆုံးသောကာလ” နှင့်ပတ်သက်သော မိက္ခာပရောဖက်ပြုချက်တွင် တွေ့ရသည်၊ ထိုကာလတွင် “များပြားသောလူမျိုးတို့” သည်ယေဟောဝါထံမှ သွန်သင်ချက်ကိုရှာဖွေကြမည်။ “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။ လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။” သူတို့သည် မှားယွင်းသောဝတ်ပြုကိုးကွယ်မှုကိုစွန့်ပစ်ပြီး မိက္ခာကဲ့သို့ “ငါတို့မူကား ကိုယ်ဆိုင်သောဘုရားသခင် [ယေဟောဝါ] ၏နာမတော်ကို ကာလအစဉ်အမြဲခိုလှုံလျက် ကျင့်နေကြမည်” ဟုအခိုင်အမာပြောဆိုကြသည်။ မိက္ခာပရောဖက်ပြုချက်သည် ထိုထူးကဲသောအကြောင်းအရာ၏ ကြိုတင်မြင်ကွင်းကို ဖော်ပြခြင်းဖြင့် အမှန်ပင် ယုံကြည်ခြင်းတိုးပွားစေသည်။ ယေဟောဝါကို ထာဝရအချုပ်အခြာအာဏာရှင်နှင့် ဘုရင်မင်းမြတ်အဖြစ် ချီးမြှင့်ဂုဏ်တင်ထားခြင်းသည်လည်း ထူးခြားပြောင်မြောက်သည်။ “[ယေဟောဝါ] သည်ဇိအုန်တောင်ပေါ်မှာ သူတို့ကို ယခုမှစ၍ အစဉ်အမြဲအုပ်ချုပ်စိုးစံတော်မူလိမ့်မည်” ဟူသောစကားသည် အလွန်အားရရွှင်လန်းဖွယ်ပါတကား!—မိ. ၄:၁-၇; ၁ တိ. ၁:၁၇။

[အောက်ခြေမှတ်ချက်များ]

a ဂျိမ်းစ် ဘီ. ပရစ်ချပ် တည်းဖြတ်သည့် ရှေးခေတ်အရှေ့ဒေသအနီးတစ်ဝိုက်မှစာတမ်းများ၊ ၁၉၇၄၊ စာမျက်နှာ ၂၈၄။

b အေ. ကေ. ဂယ်ရီစန်၏ အာရှုရိနှင့် ဗာဗုလုန်ရာဇဝင်မှတ်တမ်းများ၊ ၁၉၇၅၊ စာမျက်နှာ ၇၃။

c ရှေးခေတ်အရှေ့ဒေသအနီးတစ်ဝိုက်မှစာတမ်းများ၊ ၁၉၇၄၊ စာမျက်နှာ ၂၈၈; ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၂၊ စာမျက်နှာ ၈၉၄-၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ